ရန်ကုန်၊ ဇန်နဝါရီ ၁၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ယမန်နေ့က ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသော မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၁/၂၀၂၅) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆေးကောင်စီ၏ လက်ရှိအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒုတိယလေးနှစ်တာသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် မကြာမီကာလအတွင်း တတိယလေးနှစ်တာကာလအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များ ရွေးချယ်သွားရမည်ဖြစ်ရာ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့်အညီ မိမိတို့ဆေးပညာရပ်ပိုင်းဆိုင်ရာ အကျိုးအတွက် ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များကို သေချာစွာ ရွေးချယ်သွားကြရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် ဆရာဝန်ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းများ လိုက်နာစောင့်ထိန်းရေးကို ကြပ်မတ်ထိန်းသိမ်းပေးရန်အတွက် အရေးကြီးသောအဖွဲ့အစည်းကြီးဖြစ်ပြီး ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကို မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးသည် အဓိကကဏ္ဍမှပါဝင်နေကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝ ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ခင်မောင်အေးက မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့၏ ဒုတိယလေးနှစ်တာကာလအတွင်း ဆောင်ရွက်ထားရှိမှုနှင့် တတိယလေးနှစ်တာကာလအတွက် အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီနာယက ဒေါက်တာ အက်စ်ကျော်လှနှင့် တက်ရောက်လာကြသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နာယကအဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment