ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပ




ပဲခူး၊ ဇန်နဝါရီ ၂        

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမိုလက်တွေ့ကျပြီး နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်ဖြစ်သည့် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အဓိကသီးနှံ(၁၀)မျိုးတွင် သီးနှံ(၇)မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကာ မိုးစပါး ရေတော်မိုးတော်ဧက(၁၄)သိန်း(၄)သောင်းကျော်လည်း ပန်းတိုင်အထွက်နှုန်းရရှိနိုင်ခဲ့ကြောင်း၊ ရေမြေဒေသအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲသွားရမှာဖြစ်သလို ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စပါးဖူလုံပိုလျှံရေးသည် မိမိတို့တောင်သူတစ်ဦးချင်းစီ၏ အကျိုးစီးပွားအတွက်သာမက အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူပြီး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများအား စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက မြို့နယ်အလိုက် တောင်သူများအား စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)များကိုလည်းကောင်း အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။    

ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း မျိုး၊ မြေ၊ ရေ၊ နည်း ပြောင်းလဲစိုက်ပျိုးခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှုအပေါ် Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့၏ ကိုယ်စားပြုတောင်သူများက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုအပေါ် လိုက်နာ ဆောင်ရွက်ခဲ့ခြင်းကြောင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းတိုးတက်ရရှိခဲ့မှုပေါ် ၎င်းတို့၏အတွေ့အကြုံများအား အသီးသီး ရှင်းလင်းပြောကြားခဲ့ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ တောင်သူများအတွက် ပဲခူးတိုင်းဒေသကြီးမှ အသစ်ထပ်မံထုတ်လုပ်ထားသည့် လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်၊ ဆေးဖြန်းစက်၊ ဘက်စုံသုံး အစေ့ချစက်၊ သွင်းအားစုများ၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များနှင့် သဘာဝရေစီးအားသုံးရေတင် ဒလက်(Water Wheel) Video Click တို့အား ကြည့်ရှု အားပေးခဲ့ပြီး တက်ရောက်လာသည့် ခရိုင်(၃)ခုမှ တောင်သူများအား အသုံးပြုပုံနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)