ဟင်္သာတ၊ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်လျက် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကို ကျောင်းသား/သူများအားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ပထမအကြိမ်ကို ၂၈.၁.၂၀၂၅ ရက်နေ့တွင် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၄၉)ကျောင်းတို့တွင် KG ကျောင်းသား/သူ စုစုပေါင်း (၅၅၈၉)ဦးအား အာဟာရပြည့်ဝသောနေ့လည်စာကျွေးမွေးခြင်းနှင့် နေ့လည်စာ စားပြီးသွားတိုက်ခြင်းအစီအစဉ်တို့ကို တပြိုင်တည်းဆောင်ရွက်ခဲ့ပါသည်။ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဒုတိယအကြိမ်ကို (၃-၂-၂၀၂၅) ရက်နေ့တွင်လည်းကောင်း တတိယအကြိမ်ကို (၁၀-၂-၂၀၂၅)ရက်နေ့တွင်လည်းကောင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယနေ့နံနက်တွင် အ.ထ.က(၅)၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်သို့ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့်တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျောင်နှင့် ပညာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
#MNP #News #Hinthada #Education
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment