ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်


နေပြည်တော်၊ ဇန်နဝါရီ ၁၈

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို MSME များ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်/အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ဒေသအလိုက် OROP ဒေသတစ်ခု ထုတ်ကုန်တစ်ခုအောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။

ထို့အပြင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ထုတ်လုပ်လျက်ရှိသည့် ဒေသထုတ်ကုန် ပစ္စည်းများအပေါ် အားသာချက်၊ အားနည်းချက်များကိုလေ့လာပြီး လိုအပ်သည်များ ပြုပြင်နိုင်စေရန်နှင့် ပြိုင်ပွဲကျင်းပခြင်းမှ နိုင်ငံတော်အဆင့် ထုတ်ကုန်အမှတ်တံဆိပ်ရရှိမှုအတွက် မိမိထုတ်ကုန် အမှတ်တံဆိပ်အတွက် အာမခံချက်အရည်အသွေးကို စားသုံးသူများ သိရှိခြင်းမှတစ်ဆင့် အကျိုးရလဒ်ရရှိနိုင်စေရန် ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသကြမည့် ဝန်ကြီးဌာနများ၏ ခင်းကျင်းပြသထားရှိမှုများမှတစ်ဆင့် သက်ဆိုင်ရာအေဂျင်စီများ၊ လုပ်ငန်းရှင်များအနေဖြင့် MSME နှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများထံသို့ လိုအပ်သလိုချိတ်ဆက်နိုင်ရေး၊ အဆိုပါဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများထံမှ လုပ်ငန်းရှင်များ ရယူနိုင်မည့်အခွင့်အရေးများ၊ နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ စသည့်အခွင့် အလမ်းများရရှိစေရန် ကျင်းပခြင်းလည်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း ၈၀ ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပြီး ထုတ်ကုန်အမျိုးအစားများအတွက် ဆုအမျိုးအစားပေါင်း ၃၁ မျိုး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)