နေပြည်တော်၊ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ မြဝတီ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ သတင်းထုတ်ပြန်ထားရာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ တရုတ်နိုင်ငံသား ၅၃၃၈၈ ဦးအထိ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။
တရားမဝင် ဝင်ရောက်နေထိုင်၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များ အပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း ၅၅၇၁၁ ဦးအား ပြန်လည်လွှဲပြောင်း ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ စိစစ်နိုင်ရန်၊ အမြန်ဆုံး တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်နိုင်ရန်အတွက် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး) ကို ကူညီစုံစမ်းရှာဖွေပေးရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့ကြောင်း။ ၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ပေါင်း ၁၂၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး ပေါင်း ၈ ဦးလွှဲရန်ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ပေးလျက်ရှိကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီးနှိမ်နင်းမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင် နေသူများသည် သာမာန်လူများမဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းပင်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကိုလိမ်ခြင်းလည်း မဟုတ်ပါ၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင်ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment