နေပြည်တော်၊ ဇန်နဝါရီ ၂၁
ပညာရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ကောင်စီ ဇမ္ဗူသီရိ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူမှုရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနနှင့် နေပြည်တော် ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ မြို့နယ် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြား ပေးခဲ့သည့် စေတနာလုပ်အားပေးနည်းပြများ၊ ကြီးကြပ်များနှင့် စာသင်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပျဉ်းမနားမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူလေးများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ် ကြသည်။
ထို့နောက် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေး နည်းလမ်းနှင့် မသင်ကြားခဲ့ရသူများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ကျောင်းပြင်ပသို့ ရောက်ရှိနေကြသည့် ကျောင်းနေအရွယ်လွန်ကလေးများအား အမျိုးသားပညာ ရေးဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် ဒုတိယအကြိမ် သင်ယူမှု အခွင့်အလမ်းရရှိစေရေး ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ စဉ်ဆက် ပညာရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စဉ်ဆက်ပညာရေးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ်မှတ်မြို့နယ်များတွင် ရှေ့ပြေးအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေတွင် ယခုလို ဂုဏ်ပြုပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလအတွင်းက အမျိုးသားရေး လှုပ်ရှားမှုအသွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် နေပြည်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ငါးခု၊ ဧရိယာ ခြောက်ခုတို့တွင် နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု နယ်မြေ နေပြည်တော် မြို့နယ် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနှင့် စေတနာလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့် နည်းပြနှင့် ကြီးကြပ်ကိုယ်စားလှယ် နှစ်ဦးတို့အား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု လက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေးလုပ်ငန်း၊ ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်း ပညာရေး စသည့်တန်းညှိပညာရေးအစီအစဉ်များကို နေပြည်တော်ကောင်စီအနေဖြင့် နှစ်အလိုက် တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် မြို့နယ်ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်ခဲ့သည့် နေပြည်တော် ပညာရေးမှူးရုံးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူ တက်ရောက်ခဲ့သည့် စာသင်သားကိုယ်စားလှယ် နှစ်ဦးတို့ကို ဂုဏ်ပြုလွှာနှင့် သင်ယူပြီးမြောက် ကြောင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီး စာသင်သားကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “လူတိုင်းအတွက် ပညာရေး” သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment