နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်၊ အရေးပေါ်ခေါ်ဆိုမှု ဖုန်းနံပါတ် “192” ကို ခေါ်ဆို၍ လူနာတင်ယာဉ်ခေါ်ယူနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်၊ အရေးပေါ်ခေါ်ဆိုမှု ဖုန်းနံပါတ် “192” ကို ခေါ်ဆို၍ လူနာတင်ယာဉ်ခေါ်ယူနိုင်


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်ခြင်း အသိပေးမိတ်ဆက်ပွဲကို ယမန်နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အသိပေးမိတ်ဆက်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC) သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အသိပေးမိတ်ဆက်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဝေသော Global Status Report on Road Safety (2023) အရ ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ယာဉ်တိုက်မှုကြောင့် သေဆုံးဦးရေသည် အရှေ့တောင်အာရှဒေသတွင် အများဆုံးဖြစ်ပြီး အသက် ၅ နှစ်မှ ၂၉ နှစ်အထိ လူငယ်များ အများဆုံးသေဆုံးရသည့်အကြောင်းရင်းမှာ ယာဉ်တိုက်မှုကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယာဉ်တိုက်မှုများကြောင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးအပါအဝင် ကာကွယ်ရေးလုပ်ငန်းများသာမက ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား အရေးပေါ်အကူအညီပေးခြင်းနှင့် ထိရောက်စွာဆေးဝါးကုသပေးခြင်း စသည့်ယာဉ်တိုက်မှုဖြစ်ပွားပြီး တုံ့ပြန်ဆောင်ရွက်ခြင်း (Post-Crash Response) မှာလည်း အရေးကြီးသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း။

ယာဉ်တိုက်မှုများတွင် မော်တော်ဆိုင်ကယ် ဦးထုပ်မဆောင်းခြင်းနှင့် အသက်ကယ်ထိုင်ခုံခါးပတ် မဝတ်ဆင်ခြင်းတို့ကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုများသဖြင့် ပညာပေးရေးလုပ်ငန်းများ အရေးကြီးကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တုံ့ပြန်ဆောင်ရွက်ခြင်းကို ဆောင်ရွက်ရာတွင် အရေးပေါ်လူနာတင်ယာဉ်စနစ် (Emergency Medical Services-EMS) ပါဝင်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှာ ရှေးဦးအသက်ကယ်ပြုစုကုသမှု ဆောင်ရွက်နိုင်ခြင်း၊ လူနာကို ဆေးရုံသို့ သယ်ဆောင်ချိန်တွင် လိုအပ်သောပြုစုကုသမှုဆောင်ရွက်ပေးနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာ ရလူနာများအတွက် လိုအပ်သည့်ကုသမှုကို အချိန်မီဆောင်ရွက်ပေးနိုင်ခြင်းဖြင့် မလိုလားအပ်သော အသက်ဆုံးရှုံးမှု၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများနှင့် နောက်ဆက်တွဲ လူမှုစီးပွားထိခိုက်ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း။

ယနေ့ စတင်ဆောင်ရွက်မည့် နေပြည်တော်ကောင်စီနယ်မြေ အရေးပေါ်လူနာတင်ယာဉ်စနစ်ကို နေပြည်တော်ရှိ မြို့နယ်ခုနစ်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လူနာတင်ယာဉ်စခန်းခုနစ်ခု၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူနာတင်ယာဉ်စခန်းနှစ်ခု၊ စုစုပေါင်းကိုးခုဖွင့်လှစ်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကနဦးအနေဖြင့် ယာဉ်တိုက်မှုကြောင့် ဖြစ်ပွားသည့်ထိခိုက် ဒဏ်ရာရရှိသောလူနာများအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပွားသည့် ယာဉ်တိုက်မှုအခြေအနေ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ယင်းနောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက နေပြည်တော် ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် ဆောင်ရွက်နိုင်ရေးစီစဉ်ထားရှိမှု အခြေအနေကိုရှင်းလင်းပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ဖွင့်လှစ်ထားရှိသည့် “EMS 192 Command and Control Center” သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုပြီး လူနာတင်ယာဉ်များဖြင့် လူနာများကယ်ဆယ်ပို့ဆောင်ရေးလုပ်ငန်းသရုပ်ပြမှုများ၊ လူနာတင်ယာဉ် ပြင်ဆင်ထားရှိမှုများနှင့် Ambulances Crew စုဖွဲ့မှုများကို ကြည့်ရှုစစ်ဆေးကြသည်။

အရေးပေါ်လူနာတင်ယာဉ်စနစ်ကို နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ လယ်ဝေးနှင့်ပျဉ်းမနား မြို့နယ်များတွင် လူနာတင်ယာဉ်စခန်းကိုးခု ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိလူနာများရှိပါက အရေးပေါ်ခေါ်ဆိုမှု ဖုန်းနံပါတ် “192” ကို ခေါ်ဆို၍ လူနာတင်ယာဉ်ခေါ်ယူနိုင်ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)