ပဲခူး၊ ဖေဖော်ဝါရီ ၂၄
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးသည့်အပြင် “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကိုဖြစ်ပေါ်လာစေပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုတဲ့စိတ် ပေါ်ပေါက်လာစေမှာဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်၏အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် အခြားနိုင်ငံတကာပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုများရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ ပဲခူးတိုင်းဒေသကြီးမှ အားကစားနည်း(၂၃)နည်းတွင် မသန်စွမ်းအားကစားသမားများအပါအဝင် ရွှေတံဆိပ်(၂၆)ခု၊ ငွေတံဆိပ်(၄၀)ခုနှင့် ကြေးတံဆိပ်(၇၀)ခုရရှိခဲ့သည့်အတွက် ယခုလိုထိုက်တန်စွာဂုဏ်ပြုပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများအနေဖြင့် သက်ဆိုင်ရာအားကစားနည်းများအလိုက် စဉ်ဆက်မပြတ် ဆက်လက်လေ့ကျင့်သွားရန်နှင့် နောင်လာမည့် တိုင်းဒေသကြီး/ပြည်နယ် ပြိုင်ပွဲများတွင် နိုင်ငံတော်အဆင့်ထိ တက်လှမ်းနိုင်မည့် လူငယ်မျိုးဆက်သစ် အားကစားသမားဖြစ် ပေါ်ထွက်လာစေရေး အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေး အစွမ်းကုန်ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေကူး၊ ပြေးခုန်ပစ်၊ အလေးမ၊ ကာယကြံ့ခိုင်မှုနှင့် တင်းနစ်အားကစားနည်းများအလိုက် ရွှေတံဆိပ်ဆုရရှိသူ(၄)ဦးအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့က အားကစားနည်းအလိုက် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်အားပေးခဲ့မှု၊ အစိုးရအဖွဲ့ ဝန်ကြီးများ၏ အားကစားနည်းအလိုက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့မှုနှင့် အားကစားသမားများအား စခန်းသွင်းလေ့ကျင်ခဲ့မှုမှတ်တမ်း Video Clip အား ကြည့်ရှုခဲ့ပြီး အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုခံပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း(၂၃)နည်းတွင် မသန်စွမ်းအားကစားသမားများအပါအဝင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် ဂုဏ်ပြုခံအားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအတွက် စုစုပေါင်းငွေကျပ်(၇၃၂)သိန်းအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment