မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့









နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ -၁၆


နိုင်ငံတော်အစိုးရ အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိ ရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပ နိုင်ငံသား ၂၃၁ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ နှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဖြင့် နေ့ချင်းပြီး  ဆောင်ရွက်လျက်ရှိသည်။


၂၀၂၅  ခုနှစ် ဇန်နဝါရီ ၃၀  ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၀၃၀ ကို စစ်ဆေး ဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၆၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း  သတင်းရရှိသည်။


အဆိုပါထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသားများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရသည် -


Mr. Qian Le Ping (တရုတ်နိုင်ငံသား)

မိုင်းလားမြို့မှာ အလုပ်ကောင်းကောင်းရမယ်။ လစာများများ ရမယ်ဆိုတဲ့ အလုပ် ခေါ်စာတွေ့လို့ ၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံက တစ်ဆင့် မိုင်းလားမြို့ကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပါတယ်။ မိုင်းလားမြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး  Xiao Mu ရဲ့ Yong Le Gong  အွန်လိုင်းဂိမ်းကုမ္ပဏီမှာ ၅ နှစ် အလုပ် လုပ်ခဲ့ပါတယ်။ မိုင်းလားကတစ်ဆင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရွှေကုက္ကိုလ်ကို ရောက်ရှိပြီး တရုတ်လူမျိုး Xiao Duo Duo ရဲ့ Hong Tu Guo Ji ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာနဲ့ ဂိမ်းကြော်ငြာပေးရတဲ့ အလုပ်ကို နေ့တိုင်း နေ့လယ် ၁၂  နာရီကနေ ည ၁၂ နာရီအထိ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၇ ထောင်နဲ့ ၃ လစာပဲ ရရှိပြီး ကျန်လတွေမှာ လစာ မရခဲ့ပါဘူး။


Mr. Zhuo Li ( တရုတ်နိုင်ငံသား)

ကျွန်တော်လုပ်ရတဲ့အလုပ်က တရုတ်လူမျိုးပိုင်တဲ့ Jin Man Tang ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် လိမ်လည်ပြီး မက်ဆေ့ပို့ရတဲ့ အလုပ်ကို တစ်ရက် ၁၆ နာရီခန့် အလုပ် လုပ်ရပြီး အဲဒီမှာ ၉ လခန့် ကြာခဲ့ပါတယ်။ ပထမလမှာ ဘတ် ၅ ထောင် ရပါတယ်။ ကျန်လ တွေမှာတော့ လစာမရပါဘူး။ ရွှေကုက္ကိုကို ဝင်ရောက်ခဲ့တဲ့ လမ်းကြောင်းကတော့ တရုတ်နိုင်ငံကနေ လာအိုနိုင်ငံကို အရင်သွားခဲ့ပါတယ်။ လာအိုနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကားနဲ့ထွက်ခွာခဲ့ပါတယ်။ ဘန်ကောက်မြို့က တစ်ဆင့် ထိုင်း လူမျိုး ယာဉ်မောင်း တစ်ဦးရဲ့ အကူအညီနဲ့ မဲဆောက်မြို့ကို ဆက်ထွက်ခဲ့ပါ တယ်။ မဲဆောက်မြို့ ရောက်တော့  ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ မြစ်တစ်ခုကို စက်လှေနဲ့ဖြတ်ပြီး ရွှေကုက္ကိုလ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တစ်လကို  ယွမ် ၁ သောင်း ရမယ်ဆိုပြီး အွန်လိုင်းကနေခင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးရဲ့ ဆက်သွယ်ပေးမှုကြောင့် အခုလို ထွက်လာခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ ထိန်းသိမ်းခံခဲ့ရ ပါတယ်။


Mr. Xu Yuan Shun ( တရုတ်နိုင်ငံသား)

ထိုင်းနိုင်ငံမှာ တစ်လကို ယွမ် ၁၂၀၀၀ ရတဲ့အလုပ် လုပ်ရမယ်ဆိုပြီး အွန်လိုင်း ကနေခင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးက ဆက်သွယ်ပေးတဲ့အတွက် ၂၀၂၄ ခုနှစ် မေလ ၃ ရက်မှာ လေယာဉ်နဲ့ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့ကို ရောက်တော့ တရုတ်လူမျိုး ယာဉ်မောင်းတစ်ဦးက မဲဆောက်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မဲဆောက်မြို့ကို မေလ ၄ ရက်မှာ ရောက်ရှိခဲ့ပါတယ်။ မဲဆောက် မြို့ကနေတစ်ဆင့် ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ ရွှေကုက္ကိုလ်ကို ရောက်ရှိခဲ့တာဖြစ်ပါ တယ်။ ရွှေကုက္ကိုလ်ကို မရောက်ခင် စက်လှေနဲ့ မြစ်တစ်မြစ်ကို ဖြတ်ခဲ့ရပါတယ်။ ရွှေ ကုက္ကိုလ်ကို ရောက်တော့ တရုတ်လူမျိုးပိုင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရပြီး အွန်လိုင်းကနေ လိမ်လည်ပြီး လူရှာဖွေပေးရတဲ့ အလုပ်ကို တစ်နေ့ ၁၆ နာရီ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၂၀၀၀ ရရှိပါတယ်။ ၉ လခန့် လုပ်ကိုင်ခဲ့ရပါတယ်။


Mr. Phimsanduk (ထိုင်းနိုင်ငံသား)

ကျွန်တော်က (Eletronic) အထူးပြု ဘာသာရပ်နဲ့ ကျောင်းပြီးပါပြီ။ ကျောင်းပြီးတော့ ဇာတိမြို့ဖြစ်တဲ့ Lam Phun မြို့မှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ အလုပ် လုပ်နေရင်း ရွှေကုက္ကိုလ်မှာ လစာကောင်းတဲ့ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ အဆက်အသွယ်ရ ခဲ့ပါတယ်။ အွန်လိုင်းကနေ လူရှာပေးရတဲ့ အလုပ်လုပ်ရမယ်။ လစာ တစ်လ ဘတ် ၃၀၀၀၀ ရမယ်လို့ Facebook ပေါ်မှာတွေ့တဲ့ အမျိုး သမီးတစ်ဦးက ဆက်သွယ်ပြောဆိုလာခဲ့တဲ့ အတွက် အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံ Lam Phun မြို့ကနေ ခရီးသည်တင်ယာဉ်နဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ထွက်လာခဲ့ပါတယ်။  မဲဆောက်မြို့ကို ရောက်တဲ့အခါမှာ ထိုင်းလူမျိုး အမျိုးသားတစ်ဦးက ကားနဲ့လာခေါ်ပြီး သောင်ရင်းမြစ်ကမ်းစပ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မြစ်ကို စက်လှေနဲ့ ဖြတ်ကူးပြီး တစ်ဖက် ကမ်းကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး အမျိုးသားတစ်ဦးက ကားနဲ့လာခေါ်ပြီး ရွှေကုက္ကိုလ်မှာရှိတဲ့ Hong Chu ကုမ္ပဏီကို ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ အွန်လိုင်းဂိမ်း အလုပ်ကို လုပ်ကိုင်ဖို့ ကွန်ပျူတာပညာကို သင်ယူနေတုန်းဖြစ်ပါတယ်။ သင်ယူနေတုန်း ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)