လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၆
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ရုံးပရိဝုဏ်များနှင့် ဧည့်ရိပ်သာများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွိုင်ကော်မြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (လွိုင်ကော်ဌာနခွဲ) ယဉ်ကျေးမှုပြတိုက် ပရိဝုဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ယဉ်ကျေးမှုပြတိုက် အဆောက်အအုံအတွင်း စာဖတ်ခန်း၊ ပန်းချီ၊ ပန်းပု အနုပညာပြခန်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြခန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြတိုက်အတွင်း ပစ္စည်းများခင်းကျင်းပြသသည့် ပရိဘောဂများကို မူလပုံစံမပျက် ပြန်လည်ပြုပြင်ပြီး ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာပရိဝုဏ်အတွင်း ပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ဧည့်ရိပ်သာ ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ပြည်နယ် ဧည့်ရိပ်သာ အပြီးသတ်တည်ဆောက်ခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် အရည်အသွေး စစ်ဆေးရေး အဖွဲ့များက စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများ၊ ပြည်နယ်ဦးစီးမှူးနေအိမ်နှင့် အရာရှိနေအိမ်များ ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ပြည်နယ်ဆည်မြောင်းရုံး အုတ်တံတိုင်းခြံစည်းရိုးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အုတ်တံတိုင်း ခြံစည်းရိုး ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးပြီး မူလရုံးနေရာတွင် ရုံးများပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ရေး မှာကြားခဲ့သည်။
ယင်းနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာရုံး အဆောက်အအုံ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးပြတ်တောက်ပါက အရန်အဖြစ်အသုံးပြုသည့် မီးစက်များပြန်လည်ပြုပြင်သွားရန် မှာကြားခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အဆောက်အအုံ အပြီးသတ် ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ရုံးပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်သွား ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ယားကန်သာသို့ ရောက်ရှိပြီး အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေအနားယူနိုင်ရန်နှင့် ကန်ရေရှည်တည်တံ့စေရန်နှင့် သန့်ရှင်းသာယာရေးအတွက် ကန်အတွင်းရှိ နုန်းအနယ်အနှစ်များနှင့် ရေမှော်များ၊ ဒိုက်အမှိုက်များကို စက်ယန္တရားဖြင့် ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment