တာချီလိတ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့ထိ တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၊ ရှမ်းကွင်းရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမ၌ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာချီလိတ်မြို့၊ ဘဒ္ဒန္တဉာဏသီရိ(မဟာဓမ္မကထိကဗဟုဇနဟိတဓရ) မဟာဗောဓိကမ္မဋ္ဌာန်းတိုက်ဆရာတော်နှင့် တက်ရောက်လာကြသော ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ဘဒ္ဒန္တ ဉာဏသီရိ(မဟာဓမ္မကထိကဗဟုဇနဟိတဓရ) မဟာဗောဓိကမ္မဋ္ဌာန်းတိုက် ဆရာတော်က ငါးပါးသီလချီးမြှင့်ပြီး ရှမ်းစာပေယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရီစံခတ်နှင့် တက်ရောက်လာသူများက ဆရာတော်သံဃာတော်များ ရွတ်ဖတ်ပူဇော်သော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် အားကစားဖြစ်မြောက်ရေးကြီးကြပ်ကော်မတီအဖွဲ့ဝင်များက တာချီလိတ်မြို့၊ ကျေးရွာရပ်ကွက်များရှိ ပြည်သူများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် တာတိုအပြေးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ လျှောတိုင်တက်ပွဲ၊ ဝါးခြေထောက်ပြိုင်ပွဲ၊ ဒိုးသီးပစ်ပွဲ၊ ဂျင်ပစ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ စက်ဘီးပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် အိုးစည်ဗုံမောင်းတီးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။
ဒုတိယပိုင်းအစီအစဉ်ဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားပြီး ရှမ်းစာပေယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရီစံခတ်က ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာအကအလှများဖြင့် ဂုဏ်ပြုတင်ဆက်ကာ ရှမ်းရိုးရာအကပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်းကောင်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူရှင်များကိုလည်းကောင်း၊ တာချီလိတ် စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တာချီလိတ် စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ မြို့မိမြို့ဖများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းစာပေယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရီစံခတ်နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အတွင်းရှိ ရှမ်း၊ အာခါ၊ လားဟူ၊ ဗမာ၊ ပအို့ဝ်း စသည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၊ ဒေသခံပြည်သူ စုစုပေါင်းအင်အား ၁၀၀၀ ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment