အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၂၁) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၂၁) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၈

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၂၁) ကြိမ်မြောက်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပရာ အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာနိုင်ငံ အဆင့်မြင့်လုပ်ငန်း အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယင်း အစည်းအဝေးနှင့် ဆက်စပ်၍ အာဆီယံအသိုက် အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကိုကျင်းပပြီး ဆွေးနွေးရန် ကျန်ရှိနေသည့် နယ်ပယ်များကို အပြီးသတ်ဆက်လက်ညှိနှိုင်း ဆွေးနွေးခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့သည်။

အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၂၁) ကြိမ်မြောက်အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံနှင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲ တမ်းဦးဆောင်အဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတို့မှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်တို့က ပူးတွဲဥက္ကဋ္ဌ များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ တီမောလက်စတေနိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ပူးတွဲ ဥက္ကဋ္ဌ၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း မဟာဗျူဟာ စီမံချက်ရေးဆွဲရေးဆိုင်ရာ လုပ်ငန်း အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများနှင့် အာဆီယံပေါင်းစည်းဆက်သွယ်ညှိနှိုင်းရေးဆိုင်ရာ ကော်မတီပူးတွဲဥက္ကဋ္ဌ၊ ပြန်ကြားရေးဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဥက္ကဋ္ဌတို့နှင့် မျက်နှာစုံညီအစည်းအဝေး ပြုလုပ်ရာ သက်ဆိုင်ရာမဏ္ဍိုင်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ မဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံကိန်းများရေးဆွဲမှု၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာစီမံ ချက်များ ရေးဆွဲမှုအပေါ်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့နောက် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် မဏ္ဍိုင် (၃)ရပ်လုံးနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည်ဖော်ရေး နည်းလမ်းများအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ အဓိကထား ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များမှာ ၂၀၂၅ ခုနှစ် မေလ၌ ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်မည့် အာဆီယံအသိုက် အဝန်း ၂၀၄၅ ကွာလာလမ်ပူ ကြေညာချက်၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာစီမံချက်၊ အာဆီယံ အဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်း စေရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များ၊ မဏ္ဍိုင်များအကြား ပူးပေါင်းဆောင်ရွက်ရမည့် မဟာဗျူဟာလုပ်ငန်းစဉ်များ၊ အဆိုပါမဟာဗျူဟာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မှု အပေါ် စောင့်ကြည့်လေ့လာရေးနှင့် ပြန်လည်သုံးသပ်ရေးယန္တရားနှင့် သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာ ဗျူဟာစီမံကိန်းများ ရေးဆွဲမှု၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေတို့ ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၅ ခုနှစ် မတ်လ တွင် မလေးရှားနိုင်ငံ ပီနန်းမြို့တွင် ကျင်းပမည့် (၂၂)ကြိမ်မြောက် အစည်းအဝေးတွင် မဟာဗျူဟာ လုပ်ငန်းစဉ်များ သက်ဆိုင်ရာ မဏ္ဍိုင်များအကြား ဟန်ချက်ညီညီ အကောင်အထည် ဖော်နိုင်ရေး၊ ထပ်မနေစေရေး၊ မဟာဗျူဟာ စီမံချက်များ အကောင်အထည် ဖော်ရာတွင် ဦးဆောင်ဦးရွက် ပြုမည့်အဖွဲ့အစည်းများနှင့် မဏ္ဍိုင် များ သတ်မှတ်ရေး၊ ကဏ္ဍများ အကြား အချိတ်အဆက်မိရေးနှင့် ဆက်လက်အကောင်အထည်ဖော် မည့် လုပ်ငန်းစဉ်များအတွက် စောင့်ကြည့် လေ့လာရေးနှင့် ပြန်လည်သုံးသပ်ရေး ယန္တရား နှင့် စပ်လျဉ်းသည့်ကိစ္စများကို ဆက်လက် ဆွေးနွေးညှိနှိုင်းပြီး ၂၀၂၅ ခုနှစ် မေလတွင် ကျင်းပမည့် (၄၆)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အချိန်မီအတည်ပြုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွား ရန်ရှိကြောင်း သတင်းရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)