မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားတက်ရောက်






မကွေး၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက မကွေးမြို့၊ မြသလွန်ဘုရားပွဲတော်ကွင်းပြင်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ(၃)သင်း၊ စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ(၁)သင်း၊ သယံဇာတရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ(၂)သင်း၊ လူမှုရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ (၃)သင်း၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ(၃)သင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ တိုင်းတရားလွှတ်တော်၊ တိုင်းဥပဒေချုပ်ရုံးတို့ ပူးပေါင်းပြီး အသင်း(၁)သင်းနှင့် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း(၁)သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း(၁၄)သင်းတို့ ထမနဲထိုးယှဉ်ပြိုင်နေမှုနှင့် ပြိုင်ပွဲဝင်အသင်းများ ကိုယ်စားပြုအကအဖွဲ့များ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာထမနဲထိုးပွဲတော်ကို မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ ကောက်ဦးပေါ်စ တပို့တွဲလဆန်းအချိန်မှ လပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါကြောင်း၊ ထမနဲကို မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များ၊ သက်ကြီးရွယ်အိုများကို လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ် ရရှိစေမှာဖြစ်သလို စိတ်ဓာတ်အင်အားကို ပိုမိုတက်ကြွမှုရရှိစေမှာဖြစ်ကြောင်း၊ ထမင်းနဲထိုးခြင်းမှ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် အချိန်ကိုစီမံခန့်ခွဲနိုင်မှု အစရှိတဲ့ အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါကြောင်း၊ တပို့တွဲလ အခါသမယဟာ အလွန်အေးမြ၍ အဆီခြောက်ခန်းချိန်ဖြစ်တာကြောင့် ဆီနိုင်တဲ့ အပူစာထမနဲကို သုံးဆောင်လျှင် အပူဓာတ်ရကာ အသားအရည်စိုပြည်တာကြောင့် ထမနဲဟာ ရာသီကိုက်ဓာတ်စာဖြစ်ကြောင်း ဆေးကျမ်းများမှာ ဖော်ပြထားတာကိုတွေ့ရကြောင်း၊ ထမင်းနဲဟာ မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်တဲ့ ရာသီစာတစ်ခုဖြစ်ပြီး၊ တစ်ဦးတစ်ယောက်တည်းနဲ့ ပြုလုပ်လို့ရတဲ့ အစားအစာမဟုတ်ဘဲ စုပေါင်းအင်အားနဲ့ ပြုလုပ်ရတာဖြစ်တဲ့အတွက် သာမန်မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်းကိုပြသသော ပွဲတစ်ခုဖြစ်တာကြောင့် ပါဝင်ဆင်နွဲသူအားလုံးအနေဖြင့် ဝီရရသနှင့်သန္တရသတို့ကို ခံစားရမှာဖြစ်ပါကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအနေဖြင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် ယခုလို ထမနဲထိုး ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊  မိမိတို့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုတို့ တည်တံ့နေခြင်းလည်းဖြစ်ပါကြောင်း၊ မိမိမြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများ၊ ရိုးရာယဉ်ကျေးမှုပွဲတော်များကို မပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များက ထိန်းသိမ်းသွားရန်လိုအပ်ကြောင်းနှင့် မြန်မာ့ဓလေ့ ထုံးစံများအရှည် တည်တံ့ရန်နှင့်ယဉ်ကျေးမှု အစဉ်အလာကောင်းများကို အသိစိတ်ဓာတ်ရှိစွာဖြင့် လက်ဆင့်ကမ်းမျှဝေဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့် ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၇)သိန်း၊ တတိယ ဆု(၅)သိန်း၊ စတုတ္တဆု(၄)သိန်း၊ နှစ်သိမ့်ဆု(၂)သိန်းအပြင် ပြိုင်ပွဲဝင်တစ်သင်းလျှင် တစ်သိန်းနှုန်းဖြင့် ထပ်ဆောင်းချီးမြှင့်ငွေများနှင့် တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ လျှပ်စစ်မီးပူ၊ ပန်ကာ၊ ထမင်း ပေါင်းအိုးများအပြင် ဗလမပါကံစမ်းမဲကံထူးရှင်များအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားကိုကျင်းပရာ စိန်နပန်မီးပုံပျံ(၄)လုံး၊ ညမီးကြီး မီးပုံးပျံ(၃)လုံးနှင့် မီးပုံပျံငယ်(၃၀၀)လုံးတို့အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များက မီးထွန်းညှိ၍ လွှတ်တင်ကာ၊ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။


မောင်ညီညာ

#News #MNP 

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)