မန္တလေး၊ ဖေဖော်ဝါရီ ၁၁
ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ရန်ကုန်-နေပြည်တော် လမ်းပိုင်းအား DEMU ရထားဖြင့်လည်းကောင်း၊ နေပြည်တော်-မန္တလေးလမ်းပိုင်းအား လေအိတ်အမြန်ရထားဖြင့်လည်းကောင်း ရထားခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ရာ ရထားခရီးစဉ်များ အဆင်ပြေချောမွေ့စွာ ပြေးဆွဲနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ မီးရထားလမ်းပိုင်းအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် နံနက် (၆)နာရီတွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ဦးစိုင်းသော်လင်း၊ သက်ဆိုင်ရာတိုင်းတာဝန်ခံနှင့် တိုင်းအရာရှိများ လိုက်ပါလျက် မန္တလေးဘူတာကြီးမှ RBE ရထားဖြင့် တိုင်းဒေသကြီးအတွင်း ပါဝင်သည့် ရထားလမ်းပိုင်းများ ကြံ့ခိုင်မှုရှိရေးနှင့် တရာမဝင်လမ်းကူးများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်မာ့မီးရထားမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက နယ်မြေအလိုက် ရထားလမ်းပိုင်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ ရထားလမ်းပိုင်းတွင် တရားဝင်လမ်းကူး (၅၂) ခုနှင့် တရားမဝင်လမ်းကူး (၉၇) ခုရှိရာ အဆိုပါ တရားမဝင်လမ်းကူးများအား ပိတ်သိမ်းနိုင်ရေးနှင့် တရားမဝင်လမ်းကူး ဖောက်လုပ်ခြင်းများ မရှိစေရန် အများပြည်သူများ သိရှိနိုင်ရေး အသိပေးဆောင်ရွက်ထားရှိရန် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
#News #MNP
https://t.me/MyanmarNationalPost

No comments:
Post a Comment