ဘားအံ၊ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဘားအံတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့မှ ပါမောက္ခများ၊ ကထိကများ၏ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခြေခံပညာကျောင်းသားလူငယ်များ အဆင့်မြင့်ပညာ၊ သက်မွေးပညာရပ်များ တစ်ဆင့်မြင့်တက်ရောက်သင်ကြားနိုင်ရေး ကြိုးစားအားထုတ်ရမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် သိကောင်းစရာများကို တက္ကသိုလ်များမှ လာရောက် ဆွေးနွေးပေးကြသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့တပည့်များအတွက် အချိန်ပေးပြီးဆွေးနွေးပွဲသို့ လာရောက်ပေးကြသည့် ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမများအနေဖြင့်လည်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကြိုးစားသင်ကြားပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲအတွက် ငွေကျပ် ၉၀၈၇၅၀ဝိ/- (ကိုးဆယ်သိန်းရှစ်သောင်းခုနှစ်ထောင်ငါးရာကျပ်) ကို ချီးမြှင့်ပေးအပ်ပြီး ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစသိန်းကျော်တို့က ဆွေးနွေးပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ကရင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် သိကောင်းစရာများ ဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းဘာသာရပ် ၉ ခုအတွက် မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခများက အခြေခံပညာကျောင်းများမှ Grade-12 သင် ဆရာ၊ဆရာမ ၈၁၀ ဦးတို့အား ဦးဆောင်ဆွေးနွေးပို့ချပေးခဲ့ကာ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဘားအံတက္ကသိုလ်မှ ပါမောက္ခ၊ ကထိကများက ဘာသာရပ် ၉ ခု အတွက် ကျောင်းသား၊ကျောင်းသူ ၁၆၅၆ ဦးတို့အား ဆက်လက်ဆွေးနွေးပို့ချပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်မည့် ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့မှ ဖျော်ဖြေတင်ဆက်ကပြသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ညဦးပိုင်းတွင် ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့၏ ယဉ်ကျေးမှုအကအလှဖြစ်သည့် ဒုံးအကကို ဂုဏ်ယူဝင့်ကြွားစွာတင်ဆက်ကပြပြီး အခြားသော တိုင်းရင်းသားများ၏ ရိုးရာအကများကိုလည်း လေ့လာသင်ယူ၍ ပြည်ထောင်စုနေ့တွင် ဆုံတွေ့ကြသည့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာနေထိုင်ပြီး ယဉ်ကျေးမှုများကို ဖလှယ်ခဲ့ကြရန်နှင့် အသွားအလာအနေအထိုင်များကိုလည်း စည်းကမ်းရှိစွာ သွားလာနေထိုင်ပြီး ကျန်းမာရေးကို ဂရုစိုက်ကြစေလိုကာ မိမိတို့၏ပြည်နယ်ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်မည့် ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အား ငွေကျပ် သိန်း(၂၀)ကို ချီးမြှင့်ပေးအပ်ပြီး ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်မည့် ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အနုပညာရှင်အစည်းအရုံးတို့မှ တေးသရုပ်ဖော်အကများ၊ တေးသီချင်းများ၊ ပြည်ထောင်စုနေ့ညစာစားပွဲ တွင်တင်ဆက်ကပြမည့် ကရင်ရိုးရာဒုံးအကနှင့် တိုင်းရင်းသားတူရိယာများဖြင့် တီးခတ်သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment