အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး စီးဝင်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်ဆိုပြီး အမေရိကန်သမ္မတ Donald Trump က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့အပေါ် အခွန်စည်းကြပ်သတ်မှတ်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။ ကနေဒါနဲ့ တရုတ်အပေါ် အခွန်စည်းကြပ်မှုဟာ အင်္ဂါနေ့က စပြီး အသက်ဝင်လာမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ကနေဒါသွင်းကုန်အပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ စွမ်းအင်ထုတ်ကုန်အပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ မက္ကဆီသွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။ တရုတ်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။
အဲဒီစီမံချက်တွေကို International Emergency Economic Powers Act (IEEPA) အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီအက်ဥပဒေအရ နိုင်ငံ့လုံခြုံရေးနဲ့ စီးပွားရေးအပေါ် ကျရောက်လာတဲ့ "ပုံမှန်မဟုတ်တဲ့၊ တစ်မူထူးခြားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်" ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သမ္မတအနေနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီးနောက် သွင်းကုန်နဲ့ ပို့ကုန်တွေကို ထိန်းညှိပိုင်ခွင့် ရှိပါတယ်။
"တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ လူ့အသက်ဆုံးရှုံးစေတဲ့ fentanyl ဆေးအပါအဝင် မူးယစ်ဆေးဝါးတွေကြောင့် ဖြစ်ပေါ်လာတဲ့ တစ်မူထူးခြားတဲ့ ခြိမ်းခြောက်မှု" ဟာ IEEPA အရ ထုတ်ပြန်နိုင်တဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေနဲ့ အကျုံးဝင်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
မစ္စတာ Trump က "တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့ fentanyl အပါအဝင် အမေရိကန်နိုင်ငံသားတွေကို သေစေလောက်တဲ့ ဆေးဝါးတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကြီးကြောင့်" အဲဒီစီမံချက်တွေကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စနေနေ့က လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
သူက "ကျွန်တော်တို့ဟာ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ လိုတယ်။ အားလုံး ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ဖို့ သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိတယ်" လို့ ရေးသားခဲ့ပါတယ်။
Ref - NHK
#MNP #News #International
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment