ရန်ကုန်၊ ဖေဖော်ဝါရီ ၆
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ခရိုင်၊ သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်တွင် ယမန်နေ့က အလင်္ကာစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်၊ သာကေတမြို့နယ် စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူနှင့် သာကေတမြို့နယ် ၇/အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်နောင်ဌေးတို့က အလင်္ကာစာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလင်္ကာစာကြည့်တိုက်အတွက် စာအုပ်စာစောင် များအား ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်မှူး ဒေါ်အေးအေးမြင့်က လက်ခံရယူခဲ့ပြီး အလင်္ကာစာကြည့် တိုက်ဆိုင်ရာ အချက်အလက်များအား ၇/အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်နောင်ဌေးက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လက်ခံရယူခဲ့သည်။
ထို့နောက် သာကေတမြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စာကြည့်တိုက်အတွင်း စာဖတ် စားပွဲ၊ စာအုပ်စင်များ၊ ဗီရိုများနှင့် စာအုပ်များခင်းကျင်းထားရှိမှု၊ စာဖတ်ပရိသတ်များ လာရောက်စာပေဖတ်ရှုနေမှု၊ စာကြည့်တိုက်အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ လေကောင်းလေသန့်နှင့် ရေလုံလောက်စွာရရှိရေးတို့ အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြ သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက် သဇင်နီလမ်းရှိ အလင်္ကာစာကြည့်တိုက်မှာ အလျား (၂၀)ပေ x အနံ (၃၀)ပေ အကျယ်အဝန်းရှိ Steel Structure အုပ်ညှပ် (၁)ထပ်အဆောက်အဦအမျိုးအစားဖြစ်ပြီး ငွေကျပ်သိန်းပေါင်း (၃ဝ၉)သိန်း(ပြည်ထောင်စုမှ သိန်း ၁၅၀ ၊ ပြည်သူ လူထုမှ ၁၅၉ သိန်း) အကုန်ကျခံကာ ၂၀၂၄-ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၄-ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ အဆိုပါစာကြည့်တိုက်တွင် ယခုစတင်ဖွင့်လှစ် သည့်အချိန်၌ စာအုပ်စာစောင်ပေါင်း ၁၂၂၉ အုပ်ရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများအား အသိပညာဗဟုသုတများ မျှဝေပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment