ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ၎င်းနိုင်ငံရှိစီမံကိန်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသားများက နေထိုင်ခွင့်ရရှိကာ နောက်ဆုံး နိုင်ငံသားဖြစ်ခွင့်ရမည့် လမ်းကြောင်းအသစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ “ရွှေရောင်ကတ်” အစီအစဉ်ကို နောက်ထပ် နှစ်ပတ်ခန့်အကြာတွင် စတင်လုပ်ဆောင်သွားမည် ဟု ထရမ့်က ပြောကြားခဲ့ပြီး အစိုးရက ယင်းနှင့်စပ်လျဉ်း၍ အမေရိကန်လွှတ်တော်၏ ခွင့်ပြုချက် ရယူရန် လိုအပ်သည်ဟု မယူဆကြောင်းလည်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရွှေရောင်ကတ်ကို စတင်ရောင်းချပါမယ်” ၊ “ကျွန်တော်တို့ ဒီကတ်ရဲ့ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၅ သန်း ဝန်းကျင်သတ်မှတ်ထားပါတယ်။ သူက ဂရင်းကတ် (အစိမ်းရောင်ကတ်) ရဲ့ ခံစားခွင့်ရနိုင်ပါတယ်…သူတို့ (လျှောက်ထားသူ နိုင်ငံခြားသား) တွေက ငွေတွေအများကြီးသုံးမှာ၊ အခွန်တွေ အများကြီးဆောင်မှာ၊ လူတွေအများကြီးကို အလုပ်ခန့်မှာပါ” ဟု ထရမ့်က ထိုနေ့တွင် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick နှင့်အတူ အုပ်ချုပ်ရေးအမိန့်အား လက်မှတ်ရေးထိုးစဉ် ပြောကြားခဲ့သည်။
ရွှေရောင်ကတ်အစီအစဉ်တွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုနှင့်စပ်လျဉ်း၍ တောင်းဆိုချက်ကိုမူ ထရမ့်က ပြောကြားခြင်းမရှိပေ။ ဖက်ဒရယ်အစိုးရက “ရွှေရောင်ကတ်” ၁၀ သန်း ရောင်းချ၍ လိုငွေပြမှုအား လျှော့ချနိုင်သည်ဟု ၎င်းက ယူဆနေသည်။ “(ဒီအစီအစဉ်က) အလွန်ကောင်းနိုင်ပါတယ်၊ အလွန်ပြောင်မြောက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Howard Lutnick က အဆိုပါရွှေရောင်ကတ်သည် အမှန်စင်စစ်တွင် အစိမ်းရောင်ကတ်တစ်မျိုး သို့မဟုတ် ရာသက်ပန် တရားဝင်နေထိုင်ခွင့်ဖြစ်ကြောင်း၊ ၎င်းသည် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ခွင့်ပြုမည့် ကန့်သတ်ချက်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အခြားအစိမ်းရောင်ကတ်များနည်းတူ ရွှေရောင်ကတ်တွင် နိုင်ငံသားဖြစ်ခွင့်ရမည့် လမ်းကြောင်းတစ်ခုလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက ရွှေရောင်ကတ် အစီအစဉ်သည် EB-5 ဗီဇာအစီအစဉ်တွင် ပါဝင်နိုင်သည့် လိမ်လည်မှုများကို ဖယ်ရှားနိုင်လိမ့်မည်ဟုလည်း ထောက်ပြခဲ့သည်။
EB-5 ဗီဇာသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို မျက်နှာမူသည့် လုပ်ငန်းဝင်ရောက်လုပ်ကိုင်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဗီဇာဖြစ်ကာ အမေရိကန်နိုင်ငံလွှတ်တော်က ၁၉၉၀ ပြည့်နှစ်တွင် သတ်မှတ်ထားကြောင်း၊ ယင်းသည် နိုင်ငံခြားအရင်းအနှီးများအား ဆွဲဆောင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးခြင်းတို့မှတစ်ဆင့် အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ ဗီဇာအစီအစဉ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ (နှင့် ၎င်းတို့၏အိမ်ထောင်ဖက်နှင့် အသက် ၂၁ နှစ်အောက် လူပျိုလူလွတ် သားသမီးများ) က အမေရိကန်လုပ်ငန်းကုမ္ပဏီများတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ခြင်းဖြင့် ရာသက်ပန် တရားဝင်နေထိုင်ခွင့် (အစိမ်းရောင်ကတ် ကိုင်ဆောင်သူ ဖြစ်လာရန်) ရရှိရန် လျှောက်ထားခွင့်ပြုထားသည်။ EB-5 ဗီဇာတွင် ငွေအရင်းအနှီးသည် တရားဝင်လမ်းကြောင်းမှ ရရှိခြင်း ဟုတ်မဟုတ် စသည်တို့အပါအဝင် လိမ်လည်နိုင်မှု အန္တရာယ်ရှိနိုင်ကြောင်း အမေရိကန်လွှတ်တော် သုတေသနဝန်ဆောင်မှုဌာန (CRS) ၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
Ref - (Xinhua)
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment