နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ (၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့က နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဗဟိုဌာနချုပ်ရုံးကို စတင်ဖွင့်လှစ်၍ အဖွဲ့ဝင်များ အင်အားတိုးတက်ခိုင်မာလာစေရေးအတွက် စည်းရုံးရေး၊ ဖွဲ့စည်းရေး၊ ရန်ပုံငွေတိုးတက်ရေး အစရှိသည့်လုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ပြီး တိုင်းဒေသကြီး/ပြည်နယ် စည်းရုံးရေးကော်မတီ၊ မြို့နယ် စည်းရုံးရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ၃ နှစ်တာကာလအတွင်း မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များကို တိုးတက်ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်းတွေ့ရှိရပြီး ယခုထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့်လည်း မြို့နယ်ရဲမှုထမ်းဟောင်း များအဖွဲ့ဝင်များအတွက် သာရေး/နာရေး၊ လူမှုရေးဆိုင်ရာကိစ္စများတွင် ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း ရန်ပုံငွေများ ထည့်ဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗဟိုအမှုဆောင်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် မှ ၂၀၂၄ ခုနှစ်အတွင်း ရဲမှုထမ်းအငြိမ်းစားသေဆုံးသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများအပေါ် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင်အောင်ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီပေးခြင်းဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သွားကြရန် တိုက်တွန်းအမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရဲမှုထမ်းဟောင်း ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကာ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက (၃) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားရှိမှုတို့ကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းအဖွဲ့ (၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment