လူငယ်များ အသိပညာ၊ အတတ်ပညာပြည့်ဝရေး စာဖတ်ရှိန်မြှင့်တင်ရေးကို တိုက်တွန်းအားပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များ အသိပညာ၊ အတတ်ပညာပြည့်ဝရေး စာဖတ်ရှိန်မြှင့်တင်ရေးကို တိုက်တွန်းအားပေးလျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်နှင့်အတူ မော်လမြိုင်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ဖြစ်ကြ၍ အခြေခံပညာအဆင့်တွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် လေ့ကျင့်သင်ကြားမှုများဖြင့် ထိုက်သင့်သည့် အတတ်ပညာ၊ အသိပညာပြည့်ဝခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ ဘွဲ့ရပညာတတ် များအဖြစ် လောကအကျိုး၊ နိုင်ငံ့ အကျိုး သယ်ပိုးနိုင်ကြတော့မည့် နိုင်ငံ့အင်အားများဖြစ်ကြောင်း၊ ပညာကို စွဲစွဲမြဲမြဲသင်ယူခဲ့ကြ၍ ယခုအဆင့်အထိ ရောက်လာခြင်းမှာ အားရစရာဖြစ်ကြောင်း၊ ပညာ သည် တစ်ဦးချင်းအတွက်သာမက နိုင်ငံအတွက်ပါ အဓိကကျသဖြင့် ဆုံးခန်းတိုင် တတ်နိုင်သလောက် သင်ယူကြစေလိုကြောင်း၊ ဘဝတွင် စာတတ်လေ၊ ပညာတတ်လေ၊ အကျိုးရှိလေဖြစ်ကြောင်း၊ သို့ဖြစ် ၍ ဘွဲ့ရရှိရုံသာမက ကျွမ်းကျင်သူ များ၊ ပညာရှင်များ၊ ပါရဂူများဖြစ်သည်အထိ ဆက်လက်လေ့လာ သင်ယူဆည်းပူးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အတတ်ပညာများ ကျွမ်းကျင် တတ်မြောက်ရုံသာမက အသိဉာဏ် ပညာပြည့်ဝသူများ၊ ဗလငါးတန်နှင့် ပြည့်ဝသူများဖြစ်အောင် ကြိုးစားတည်ဆောက်ကြစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ အသိဉာဏ်ပညာပြည့်ဝရေးအတွက် စာပေလေ့လာဖတ်ရှုကြရန်လိုကြောင်း၊ လေ့လာသင်ယူမှုတွင် ပြည့်စုံပြီ၊ ပြီးမြောက်ပြီဟု မရှိနိုင်ကြောင်း၊ အသက်ရှင်နေသရွေ့ ထာဝရ လေ့လာသင်ယူနေခြင်းဖြင့် မိမိတို့ဘဝကို မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့လူငယ်အချို့မှာ စာပေဖတ်ရှုမှုနည်းပါးသဖြင့် အတွေးအခေါ် အယူအဆလွဲမှားနေကြသည်မှာ အားလုံးအသိဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက လူငယ်များ အသိပညာ၊ အတတ်ပညာ ပြည့်ဝရေး၊ စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို တိုက်တွန်းအားပေးလျက်ရှိ ကြောင်း၊ စာမတတ်သူသည် ထိုင်နေသူနှင့်တူပြီး စာတတ်သော်လည်း စာမဖတ်ပါက ရပ်နေသူနှင့် တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာဖတ်ရှုကြမှသာ လမ်းလျှောက်နေသူနှင့် တူမည်ဖြစ်ကြောင်း ဥပမာပေး၍ လမ်းညွှန်ထားသည်နှင့်အညီ မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် စာပေလေ့လာ ဖတ်ရှုကြရန် တိုက်တွန်းမှာကြားပါသည်။

ထို့ပြင် မူးယစ်ဆေးဝါးကင်းစင်ပြီး အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို ရှောင်ရှားကြရန်လိုကြောင်း၊ မိမိတို့ဘဝ ပျက်စီးစေမည့်အရာများကို အသိတရားဖြင့် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် မဲမသမာမှုများ ရှိခဲ့သဖြင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကြောင့် အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ရကြောင်း၊ အရေးပေါ်ကာလသတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတော်ကို ပြန်လည်လွှဲအပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆူပူအကြမ်းဖက်မှုများ ပပျောက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွား ကြစေလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် နိုင်ငံသား တိုင်းတွင် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံ့သားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့အကျိုး မလိုလားသူ၊ နိုင်ငံတော်ကို ပျက်စီးစေလိုသူ၊ အဖျက်အမှောင့်သမားများနှင့် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလများဖြင့် ဖျက်ဆီးလုပ်ဆောင်လျက်ရှိကြောင်း၊ သိလိုသည့်အချက်များ စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ တိုင်ကြားရန်ရှိပါက ဆက်သွယ်နိုင်ရေး သတင်းစာများတွင် ဖော်ပြပေးလျက်ရှိကြောင်း၊ အဖျက်အမှောင့်လုပ်ရပ်များကို သတိတရားဖြင့် ကာကွယ်သွားကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

 ဆက်လက်၍ ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို သိရှိနားလည်ထားရန် လိုကြောင်း၊ မဖြစ်သင့်တာ မဖြစ်အောင်၊ ဒုက္ခမရောက်အောင်၊ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းနိုင်ကြောင်း အသိပညာဗဟုသုတ ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန်နှင့် ဆရာ ဆရာမများကလည်း သားသမီးအရင်းများကဲ့သို့ ပြုစုစောင့်ရှောက်သွန်သင်ပြသပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားသည်။ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဆရာ ဆရာမ ၄၀၀ ခန့် တက်ရောက်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးအကြံပြုခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မော်လမြိုင်ကိုယ်ပွားသတင်းစာတိုက်နှင့် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မုဒုံမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဆောက်လုပ် ဖွင့်လှစ်ထားသည့် ဘဲရမ်းကျေးရွာ ပညာပျိုးခင်းစာကြည့်တိုက်နှင့် နိုင်းပြိုင်ကျေးရွာ ပညာဥယျာဉ် စာကြည့်တိုက်တို့ကို ဝင်ရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စာကြည့်တိုက်မှူး များနှင့်တွေ့ဆုံ၍ စာကြည့်တိုက် ရေရှည်တည်တံ့စေရေး၊ အချိန်မှန်ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင် များ တိုးပွားရေးတို့ကို တိုက်တွန်း မှာကြားခဲ့သည်။

ဆက်လက်၍ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)