ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ ကုသိနာရုံဘုရားကြီးနှင့် သိမ်တော်ရွှေထီးတော်တင်၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ ကုသိနာရုံဘုရားကြီးနှင့် သိမ်တော်ရွှေထီးတော်တင်၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်





စစ်တွေ၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ ကုသိနာရုံဘုရားကြီးနှင့် သိမ်တော်ရွှေထီးတော်တင်၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်း သိမ်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရွှေစေတီဘုန်းတော်ကြီးတိုက်ရှိ သိမ်းတော်အတွင်း၌ ကိန်းဝပ် စံပါယ်လျက်ရှိသော ကုသိနာရုံဘုရားကြီးအား ရောင်ခြည်တော်ဖွင့်လှစ်ကြပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ရွှေကြာသင်္ကန်းအား ကပ်လှူပူဇော်ကြသည်။

ဆက်လက်၍ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇေဝန္တမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ရွှေစေတီဘုန်းတော်ကြီးတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသက သိဒ္ဓိတင်ဂါထာတော်အား ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် အလှူမော်ကွန်းကျောက်စာတိုင်အား သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် အလှူရှင်မိသားစုက ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများက သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


တင်ထွန်း

#News #MNP  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)