အမေရိကန်နှင့် ပြင်သစ်အကြား ယူကရိန်းအား အကူအညီပေးမှုနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်နှင့် ပြင်သစ်အကြား ယူကရိန်းအား အကူအညီပေးမှုနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲ



ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဝါရှင်တန်သို့ ရောက်ရှိနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ရေရှည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်၌ သဘောတူညီခဲ့သော်လည်း အမေရိကန်နှင့် ဥရောပ မဟာမိတ်များအနေဖြင့် ယူကရိန်းအား အသီးသီး အကူအညီပေးရာ၌ မမျှတသည့်အခြေအနေ ဖြစ်နေသည်ဆိုသော ထရမ့်၏ ပြောကြားချက်ကိုမူ မက်ခရွန်က လူသိရှင်ကြား ငြင်းပယ်ခဲ့သည်။

၎င်းနှင့် မက်ခရွန်ကြား အရေးကြီးကိစ္စရပ် အများအပြားနှင့်စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း အိမ်ဖြူတော်၌ နှစ်ဖက်တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း ထရမ့်က ပြောကြားခဲ့သည်။ “အဲဒီကိစ္စရပ်တွေထဲမှာ အရေးအကြီးဆုံးကတော့ ယူကရိန်း-ရုရှား ပဋိပက္ခကို အဆုံးသတ်ဖို့ အချိန်တန်ပြီဆိုတာပါပဲ။ အဲဒါက ဒီအချိန်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

မက်ခရွန်ကလည်း ၎င်းနှင့် ထရမ့်တို့ ဆွေးနွေးစဉ်အတွင်း ခြေခြေမြစ်မြစ်ရှိသော အနာဂတ် ခြေလှမ်းများကို ဖော်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သလို ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်းတစ်ခု ရှိနေသည်ဟု မိမိအနေဖြင့် အပြည့်အဝယုံကြည်ကြောင်း၊ ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ယုံကြည်ချက်ချင်း တူညီလျက်ရှိကြောင်း ထရမ့်နှင့် ဆွေးနွေးပြီးနောက်တွင် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သို့ရာတွင် ပြင်သစ်သမ္မတက အထက်တွင်ဆိုခဲ့သည့် ငြိမ်းချမ်းရေးမှာ ယူကရိန်းက လက်နက်ချအရှုံးပေးခြင်းကို သော်လည်းကောင်း၊ အာမခံချက်မရှိသော အပစ်အခတ်ရပ်စဲခြင်းကိုသော်လည်းကောင်း ဆိုလိုခြင်းမဟုတ်ဟု အလေးအနက် ပြောကြားခဲ့သည်။

“အဲဒီငြိမ်းချမ်းရေးက ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တခြား အကျိုးစီးပွားဆက်စပ်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို လမ်းဖွင့်ပေးရမှာဖြစ်တယ်” ဟုလည်း မက်ခရွန်က ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)