ပေကျင်း၊ ဖေဖော်ဝါရီ ၂
အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခန့်တွင် အိမ်ဖြူတော်က အချက်အလက်စာရင်းများ ထုတ်ပြန်ခဲ့ပြီး Fentanyl စသည့်ကိစ္စရပ်များကို အကြောင်းပြု၍ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ဆောင်သော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ယူကြောင်း ကြေညာခဲ့ရာ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိကြောင်းနှင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့သည်။
အမေရိကန်၏ တစ်ဖက်သက် စည်းကြပ်ခွန်တိုးမြှင့်ကောက်ယူသည့်လုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းစည်းကမ်းကို အပြင်းအထန် ချိုးဖောက်ကာ ကိုယ်တိုင်ပြဿနာ ဖြေရှင်းရာတွင် အကျိုးမရှိသည့်အပြင် တရုတ်- အမေရိကန် ပုံမှန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပျက်စီးစေကြောင်း၊ အမေရိကန်၏ ဤမှားယွင်းသော လုပ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံတွင် တရားစွဲဆိုမှုပြုပြီး သက်ဆိုင်ရာ တန်ပြန်တုံ့ပြန်မှု အစီအမံများကို လုပ်ဆောင်ကာ ကိုယ်ပိုင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် အခွန်စည်းကြပ်ခြင်းနည်းလမ်းသုံး၍ အခြားနိုင်ငံများအား ခြိမ်းခြောက်နေခြင်းထက် ၎င်းတို့၏ Fentanyl စသည့် ပြဿနာများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဆင်ခြင်တုံတရားရှိရှိဖြင့် ရှုမြင်ကိုင်တွယ်ရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မှားယွင်းသောလုပ်ရပ်များကို ပြင်ဆင်၍ တရုတ်နိုင်ငံနှင့် ရည်ရွယ်ချက်တူလျှောက်လှမ်းပြီး တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးပြုမှု၊ အပြန်အလှန်လေးစားမှုကို အခြေခံ၍ ပြဿနာကို တိုက်ရိုက်ရင်ဆိုင်ကာ ပွင့်လင်းစွာဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်နှင့် သဘောထားကွဲလွဲမှုများကို ထိန်းချုပ်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Ref - (Xinhua)
#MNP #News #International
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment