၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည် သာယာဝပြောစေရေး မြေကြီးကရွှေသီးအောင် လုပ်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်အတွက် အရေးကြီးသောကြောင့် . စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် MSME ကဏ္ဍ တိုးတက်အောင် တိုက်တွန်းအားပေးအကောင် အထည်ဖော်လျက် ရှိကြောင်း၊ တိုင်းပြည် သာယာဝပြောစေရေး မြေကြီးကရွှေသီးအောင် လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အလုပ်လုပ်မှ မြေကြီးက ရွှေသီးမည်ဖြစ်ကြောင်း၊ လတ်တလော၌ပင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို နေပြည်တော်၊ တပေါင်းကွင်း တွင် ယခုလ (၁၀)ရက်မှ (၁၄)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရည်မှန်းချက်များအောင်မြင်စေရေး အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍက ပိုမိုထိရောက်စေနိုင်သည်ဖြစ်သဖြင့် အနုပညာနယ်ပယ်အသီးသီးက တစ်ဖက်တစ်လမ်းက ပေါင်းစပ်ပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ထူးချွန်သည့် အနုပညာရှင် လူငယ်များပေါ်ထွန်းလာခြင်းကိုလည်း ကြိုဆိုကြောင်း၊ လူငယ်များသည် အနာဂတ်အတွက် ဖြစ်ကြောင်း။
မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်းပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင် လည်း ပြန်လည်တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှုများကို တတ်နိုင်သမျှ ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ယခုနှစ်အတွက် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်း များကို ဆက်လက်အောင်မြင်တိုးတက်စေရေးအတွက် အင်အားများပိုမိုရရှိစေပြီး မိမိတို့၏ အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ကြောင်း။
အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ် ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကိုမြှင့်တင်ပြီး ထူးချွန်ဆု များရရှိအောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှု ဓလေ့စရိုက်လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပေးကြရန်၊ မိမိတို့ ယဉ်ကျေးမှုများကို အရိုးပေါ်အရွက်မဖုံးစေရန်နှင့် ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာ လိုက်ပါပြီး နိုင်ငံ နှင့်လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကိုအခြေတည်ပြီး အမျိုးသားရေး စိတ်ဓာတ်ဖြင့် အကျိုးရှိအောင် ဖော်ဆောင်ပေးကြရန်တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment