သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးအတွက် သစ်တောသစ်ပင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

ပလတ်စတစ်စွန့်ပစ်အမှိုက်များသည် ပင်လယ်ပြင်ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်စေသကဲ့သို့ လူမှုရေးနှင့်ကျန်းမာရေးဆိုင်ရာဆိုးကျိုး ဖြစ်ပေါ်စေသည့်အတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ပလတ်စတစ်ညစ်ညမ်းမှု လျော့ကျစေရေးတို့ကို ရေရှည်အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တစ်ခါသုံး ပလတ်စတစ်လျှော့ချရေး၊ ပြန်လည်အသုံးပြုရေးအတွက် 3R (Reduce၊ Reuse၊ Recycle) ကို ဆောင်ရွက်သွားရန်လိုကြောင်း။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေးအတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပေါ်မှုအား ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၂၈ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းလျှော့ချနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှ ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာဌာနများအနေဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှု၊ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများသည် ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များချမှတ်ကာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)