နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပ နိုင်ငံသား ၁၀၃၀ ဦးတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက် လာသည့် နိုင်ငံခြားသားများအား ဉပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင် လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ အထေွထေွအတွင်းရေးမှူး General Daisa Insomlas နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့သို့ ရောက်ရှိကြသည်။
၎င်းသုံးနိုင်ငံ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့- ရွှေကုက္ကိုလ် နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီးကောင်းမွန်စွာ ထိန်းသိမ်းထားမှု အခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်း ကောက်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှု လေ့လာကြသည်။
၎င်းသုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပ နိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်း ပေးအပ်နိုင်ရေး ဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များအား စုံစမ်းဖော် ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူ ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #MNP
https://t.me/MyanmarNationalPost






No comments:
Post a Comment