မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၆၈ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၆၈ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းခဲ့






နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမည့် ပြည်ပနိုင်ငံသားများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိမှုနှင့် ယနေ့ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၆၈ ဦး ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာရင်းဇယားအချက်အလက်များ မှန်ကန်ပြည့်စုံစေရေး၊ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေး၊ လွှဲပြောင်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် အမြန်ဆုံး စနစ်တကျ ပြန်လည်လွှဲပြောင်းနိုင်ရေး ကိစ္စရပ်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၂၅၃၈ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၈၆၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရသည်။


အဆိုပါထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသားများ၏ စကားသံများကို ယခု ကဲ့သို့ ကြားသိရပါသည်-


Mrs. Nguyen Sinh Nga (ဗီယက်နမ်နိုင်ငံသူ)

အွန်လိုင်းကနေသိတဲ့ တရုတ်လူမျိုး Sai Cua က ထိုင်းနိုင်ငံမှာ Marketing အလုပ်လုပ်ရမယ်။ လူကိုယ်တိုင်တွေ့မှ လစာကိစ္စပြောမယ်လို့ ဆက်သွယ်လာတဲ့အတွက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ Noi Bar လေဆိပ်ကနေ ဘန်ကောက်ကို လေယာဉ်နဲ့ ရောက်ရှိခဲ့ပါတယ်။ ဘန်ကောက်လေဆိပ်မှာ ထိုင်းလူမျိုးတစ်ဦးက လာကြိုပြီး မဲဆောက်ကို ပို့ပေးခဲ့ပါတယ်။ ပြီးတော့ ချောင်းတစ်ခုကို စက်လှေနဲ့ ဖြတ်ကူးခဲ့ပါတယ်။ တစ်ဖက်ကမ်းရောက်တော့ အသင့်လာကြိုနေတဲ့ ကားနဲ့ မြဝတီမြို့ မေတ္တာလင်းမြိုင် ဧက ၁၀၀ ဆိုဒ်ထဲကို ရောက်ခဲ့ပါတယ်။ အဲဆိုဒ်ထဲက တရုတ်လူမျိုးပိုင် Dang Chu ကုမ္ပဏီမှာ အွန်လိုင်းကနေတစ်ဆင့် ကွန်ပျူတာနဲ့ Marketing လုပ်ရပြီး Customer တွေ ရှာဖွေပေးရပါ တယ်။ တစ်လကို ဘတ် ၂၅၅၀၀ ရရှိခဲ့ပါတယ်။


Mr. Qiau Ke Ji တရုတ် (တိုင်ပေ)

ကျွန်တော်က ပညာအရည်အချင်းကတော့ အထက်တန်းအောင်ဖြစ်ပါတယ်။ အရင်ကလည်း အွန်လိုင်းလိမ်လည်တဲ့ အလုပ်ကို လုပ်ခဲ့ဖူးပါတယ်။ အွန်လိုင်းကနေတစ်ဆင့် ဘန်ကောက်မြို့မှာ ရွှေမှောင်ခိုသယ်ရတဲ့ အလုပ်လုပ်ရမယ် ၊ ဘတ် ၅၀၀၀၀ ရမယ်လို့ ဆက်သွယ်လာတဲ့အတွက် ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ Tai Zhong လေဆိပ်ကနေ ဘန်ကောက်မြို့ကို လေယာဉ်နဲ့ ထွက်လာခဲ့ပါတယ်။ ဘန်ကောက်မြို့က ဟိုတယ်တစ်ခုမှာ တစ်ညတည်းခိုပြီး ထိုင်းလူမျိုးတစ်ဦးရဲ့ ကားနဲ့ မဲဆောက်မြို့ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ မဲဆောက်ကို ရောက်တော့ မြစ်ကိုစက်လှေနဲ့ ကူးပြီး မြဝတီမြို့ မေတ္တာလင်းမြိုင်ကျေးရွာ ဧက ၁၀၀ ဆိုဒ်ထဲကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ တရုတ်လူမျိုး Zhong Guo ပိုင်တဲ့ Huan Ya ကုမ္ပဏီမှာအလုပ်ရခဲ့ပြီး အွန်လိုင်းကတစ်ဆင့် လိမ်လည်ရတဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။ လစာကတော့ ဘတ် ၁၂၅၀၀ ရခဲ့ပါတယ်။


Mrs. Shi Rong Min (တရုတ်နိုင်ငံသူ)

ကျွန်မ ပညာအရည်အချင်းကတော့ တက္ကသိုလ်အဆင့်ပါ။ တရုတ်လူမျိုးတစ်ဦးက WeChat အကောင့်ကတစ်ဆင့် ထိုင်းနိုင်ငံမှာ ရွှေမှောင်ခိုသယ်ရမယ်၊ လစာကောင်းကောင်းရမယ်လို့ စည်းရုံးပြောဆိုခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံ Shi Bi Zian မြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လေယာဉ်နဲ့ ထွက်လာခဲ့ပါတယ်။ ဘန်ကောက်မြို့ကို ရောက်တဲ့အချိန်မှာ ထိုင်းလူမျိုးတစ်ဦးက ကားနဲ့မဲဆောက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မဲဆောက်ကိုရောက်တော့ မြစ်တစ်ခုကို စက်လှေနဲ့ ဖြတ်ကူးပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ရောက်လာခဲ့ပါတယ်။ ပြီးတော့ မြဝတီမြို့ မေတ္တာလင်းမြိုင်ကျေးရွာ ဧက ၁၀၀ ဆိုဒ်ထဲက တရုတ်လူမျိုး Zhong Guo ပိုင်တဲ့ Huan Ya ကုမ္ပဏီမှာ အွန်လိုင်းကနေတစ်ဆင့် လိမ်လည်ရတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ လစာတော့ မရခဲ့ပါဘူး။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)