တာမွေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ






တာမွေ၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ စီစဉ်မှုဖြင့် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို အဆိုပါ အသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ဒုတိယရဲမှူးဝေလွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ် သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည် များကို မေမြန်းခဲ့ကြရာ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ဒုတိယရဲမှူးဝေလွင်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

“ ဒီမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူကုန်ကူးမှုအကြောင်းအရာတွေရယ်၊ အဲဒါနှင့် ပတ်သက်တဲ့ ဥပဒေပိုင်း ဆိုင်ရာတွေရယ်၊ သူတို့ အဓိကသိသင့်တဲ့ အချက်လေးတွေရယ်ကို လာရောက်ဆွေးနွေးတာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ သင်တန်းကျောင်းတွေ၊ ရပ်ကွက်/ကျေးရွာတွေမှာလည်း ‌ဟောပြောပွဲတွေ ဆောင်ရွက်တာရှိသလို၊ နံရံကပ်စာစောင်တွေ ပြသပြီး အသိပညာပေးတာတွေလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ဒီလူကုန်ကူးမှု ဆိုတာ လူငယ်တွေအတွက် သိသင့်သိထားထိုက်တဲ့ အကြောင်းအရာတစ်ခုပါပဲ။ ဒီမှာ လာရောက်နားထောင်နေတဲ့ လူငယ်တွေကနေ တခြားလူတွေဆီကို ဒီလူကုန်ကူးမှုနဲ့ ပတ်သက်တာတွေကို ပြန်လည်မျှဝေပေးနိုင်ရင်တော့ အကောင်း ဆုံးပါပဲ။ နှစ်စဉ် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာပေးဆောင်ပုဒ်တွေ၊ ဆက်သွယ်ရမဲ့အရေးပေါ်ဖုန်းနံပါတ်တွေပါတဲ့ အသိပညာပေးပိုစတာတွေကို လူစည်ကားရာနေရာတွေမှာ စိုက်ထူတာရှိပါတယ်။ နောက်တစ်ခုက လက်ကမ်းစာစောင်တွေဝေတာရှိပါတယ်။ နောက်ပြီး ဟောပြောပွဲတိုင်းမှာလည်း ဆောင်ရန်/ရှောင်ရန်တွေကို ပြောပြတာရှိပါတယ်။ သံသယဖြစ်ပြီဆိုလျှင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဲဒီလက်ကမ်းတွေ၊ ပိုစတာတွေမှာပါတဲ့ ဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်” ဟု အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ဒုတိယရဲမှူးဝေလွင်က ပြောသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လေ့ကျင့်မွေးထုတ်ထားသော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများနှင့် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အဆိုပါအသင်းအနေဖြင့် မေတ္တာစံအိမ်မှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆတ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)