နေပြည်တော်၊ ဖေဖော်ဝါရီ ၁
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဝင်မုခ်ဦး၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာများ၊ အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမ၌ အကယ်ဒမီဆုပေးပွဲစင်မြင့်တည်ဆောက်နေမှု၊ အသံစနစ်နှင့် မီးစနစ်များ တပ်ဆင်ပြီးစီးမှု ၊ Stage LED Screen နှင့် LED ဘုတ်များ တပ်ဆင်မည့်နေရာများ၊ နေရာထိုင်ခင်းများနှင့် မီဒီယာဇုန်သတ်မှတ်ထားသည့် နေရာများ ပြင်ဆင်ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အခမ်းအနားအစီအစဉ်များအလိုက် စနစ်တကျဖြစ်စေရေး ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ရန်မှာကြားသည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment