ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေး ကော်မတီဝင်များ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ရေးဌာန တာဝန်ခံများ၊ စစ်ဆေး ရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ၊ UMFCCI ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) တို့မှ တာဝန်ရှိသူများ၊ NSSA အသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့မှ အလုပ်အကိုင်ရှစ်မျိုးအတွက် ကျွမ်းကျင်လုပ်သား ၂၆၂ ဦး၊ အလုပ်အကိုင် ၁၆ မျိုးအတွက် စစ်ဆေးအကဲဖြတ်ရေးဌာန ၂၁ ခုနှင့် အလုပ်အကိုင် သုံးမျိုးအတွက် စစ်ဆေးအကဲဖြတ်သူ ကိုးဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည် ဖြစ်ကြောင်းနှင့် အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း မှာကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များနှင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ်ပြုလက်မှတ် များကို ကာယကံရှင်များထံ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ များဖြစ်သည့် MAO FENG Garn-ments Co.,Ltd. ၊ HUAFA (Myan-mar) Garnment Co.,Ltd. နှင့် Myanmar Dongtai Co.,Ltd. စက်ရုံများသို့ သွားရောက်၍ လုပ်ငန်း ခွင်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ညှိနှိုင်း ဖြေရှင်းရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင် အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများအား ရင်းရင်းနှီးနှီး အားပေးခဲ့ကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment