ညောင်ဦး၊ ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရေကန်ကြီးများတွင် ဆောင်းခိုငှက်များ လာရောက်ဆောင်းခိုကြကာ ရှေးဟောင်းရေကန်ကြီးများအတွင်း ဆောင်းခိုငှက်များ၊ ဒေသမျိုးရင်းငှက်များ ကျင်လည်ကျက်စားလျက်ရှိကြောင်း ငှက်ဧည့်လမ်းညွှန်များထံက သိရသည်။
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့၊ ငါ့သရောက်မြို့များသည် အပူပိုင်းရပ်ဝန်း မိုးခေါင် ရေရှားဒေသတွင်ပါဝင်ပြီး ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်ဆယ်ယူခဲ့ကြပြီး မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်ရှိ ရေကန်ကြီးများ ရေပြည့်ရေလျှံသည်အထိ ရေဝင်ရောက်ခဲ့ရာ ယခုနှစ်ဆောင်းရာသီအထိ ရေများမခန်းခြောက်ဘဲ ဆောင်းခိုငှက်များ လာရောက်ကျက်စားခဲ့ခြင်းဖြစ်နိုင်ကြောင်း ပုဂံဒေသခံ ငှက်ဝါသနာရှင်များက ပြောကြားသည်။
ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးရေကန်များဖြစ်သည့် အလံပုဂံကန်၊ အလယ်ကန်၊ လေးထောင့်ကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန်ခေါ် စူဠာမဏိကန်၊ ဦးကျည်ပွေ့ကန်၊ ရွှေနန်းရင်တော်ကန်ခေါ် ထိန်ကန်၊ ရွှေထီးကန်၊ မန်ကျည်းကန်၊ ဇေယျသွပ်ကန်၊ မင်္ဂလာကန်၊ ဖွားစောကန်(မွန်တိန်း)၊ ကိုမောက်ကန်၊ ကန်သစ်ကန်၊ ကန်စွန်းတော်ဘုန်းကြီးကျောင်းကန်၊ မနူကန်မရွဲကန်၊ အုတ်ဖုတ်ကန်၊ ဆည်ကန်၊ ကန်သစ်ကြီး၊ ကျောက်ရိုးကန်၊ တောင်ကျောင်းကန်နှင့် ရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ သောက်သုံးရေကန်ကြီး၊ ရေကန်ငယ်များ ရေပြည့်လျှံခဲ့ကြောင်း သိရပြီး ဆောင်းခိုငှက်များသည် ရေရှိသောရေကန်ကြီးများသို့ စူးစမ်းဆင်းသက်၍ ခရီးတစ်ထောက်နားသည်လည်း ဖြစ်နိုင်ကြောင်း၊ ရေကန်များအတွင်း ပေါက်ရောက်နေသည့် ဒေသပေါက်ပင်များပေါ် ဆောင်းခိုငှက်များ အုပ်လိုက်တွေ့ရှိရကြောင်းလည်း ဒေသခံပြည်တွင်း ဧည့်လမ်းညွှန်များက ရှင်းပြသည်။
ဆောင်းခိုငှက်များ လာရောက်ခိုနားသည့် ရေကန်ကြီးများသည် အခါတိုင်းနှစ်များထက် ရေဝင်ရောက်မှုနည်းခဲ့ပြီး ယခုနှစ်တွင်မှသာ ရေကန်များ ရေရှိနေသေးသည့်အတွက် ဆောင်းခိုငှက်များ လာရောက်ခိုနား ခြင်းဖြစ်ကြောင်း၊ ရေကြက်အုပ်များ၊ ခရုစုတ်၊ ခရုတုတ် ငှက်အုပ်များ၊ တင်ကျီးငှက်များနှင့် ရေကျီးကန်းများ၊ ရေပိန်ညင်းငှက်၊ ဟင်္သာငှက်၊ မန်ဒါလီတို့အား ခွဲခြား၍ရပြီး အခြားငှက်များကို အတိအကျ မပြောနိုင်ကြောင်း၊ ငှက်ကြည့်တယ်လီကင်မရာများဖြင့်သာ အဖြေပေးနိုင်မည်ဖြစ်ကာ ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေး မှုနယ်မြေရှိ ရေကန်များတွင် ဆောင်းခိုငှက်များလာရောက်ခိုနားမှု အများအပြားတွေ့ရကြောင်း ငှက်ဝါသနာရှင်များက ရှင်းပြသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရေကန်ကြီးများ မိုးရွာသွန်းမှု ကောင်းသည့်နှစ်များတွင် ရေပြည့်ဝင်ရောက်ကာ ဆောင်းအကုန်၊ နွေဦးပေါက်ထိ ရေနေလေ့ရှိကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment