နေပြည်တော် ဖေဖော်ဝါရီ ၁၃
လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှုညှိနှိုင်းအစည်းအဝေးကို ၁၁-၂-၂၀၂၅ ရက်နေ့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ အဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြခန်းများတွင် လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသထားမှုနှင့်ပတ်သက်၍ စက်ပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များကိုသုံးသပ်၍ ယခုထက်ပိုမိုကောင်းမွန်သည့် စက်ကိရိယာများဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ ထို့ကြောင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ တောင်သူများလိုအပ်သည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာဖလှယ်နိုင်ရေး၊ အကြံဉာဏ်များရရှိရေး၊ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြခန်းကိုယ်စားလှယ်များက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လယ်ယာသုံးစက်ပစ္စည်း ကိရိယာများထုတ်လုပ်ပြီး လက်တွေ့အသုံးချနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြကာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်ခဲ့မှု၊ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်အား သုတေသနပြုလုပ်၍ တီထွင်ထုတ်လုပ်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လယ်ယာသုံးစိုက်ပျိုးရေးကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များ မထုတ်လုပ်နိုင်သည့် စက်ပစ္စည်းကိရိယာအစိတ်အပိုင်းများရှိပါက ထုတ်လုပ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တောင်သူများ၏ လိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး /ပြည်နယ် အသီးသီးမှ ထုတ်လုပ်လျက်ရှိသည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား ယခုထက်ပိုမိုအရည် အသွေးကောင်းမွန်စေရေးအတွက် လုပ်ငန်းရှင်အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံမှစ၍ စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ အမြောက်အမြား ထုတ်လုပ်နိုင်လျှင် ဈေးနှုန်းလည်းကျဆင်းမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုနည်းပညာအဖွဲ့များဖွဲ့စည်း၍ ကောင်းမွန်သည့် စီမံခန့်ခွဲမှုစနစ်များဖြင့် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများထုတ်လုပ်ခြင်းလုပ်ငန်းများသည် စနစ်တကျဖြင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်နိုင်ရေးအတွက် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များ၊ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေး အတည်ပြုခြင်းများဆောင်ရွက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment