နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီတွင် ဥတ္တသီရိမြိုနယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ ဦးလှထွန်း၏ မြေပဲစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ သဘာဝမြေဩဇာအသုံးပြုရေး၊ စိုက်ပျိုးရေများကို အလေအလွင့်မရှိစေရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးကို ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျ စိုက်ပျိုးမှသာ ပန်းတိုင်အထွက်များ တိုးတက်ထွက်ရှိပြီး တစ်ဦးချင်ဝင်ငွေများ တိုးလာမှာဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး တောင်သူများက လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး တောင်သူဦးလှထွန်း၏ အောင်မြင်ဖြစ်ထွန်းနေသည့် မြေပဲစိုက်ခင်းကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ ခရိုင်တရားသူကြီးများနှင့် ဥပဒေအရာရှိများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံနှင့်ပြည်သူတို့၏အကျိုးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာရန် လူတိုင်းတွင် တာဝန်ရှိကြသည့်အလျောက် ဥပဒေ၏ သဘောတရား၊ အများပြည်သူနှင့်သက်ဆိုင်သည့် ဥပဒေများ စသည်တို့ကို လူတိုင်းသိရှိနားလည်ထားကြရန်လိုအပ်သလို ဥပဒေဆိုင်ရာ ဗဟုသုတများပြည့်ဝကြရန် လိုအပ်ပါကြောင်း၊ ဥပဒေ၏အခြေခံဖြစ်သည့် စည်းကမ်းနှင့်အညီ နေထိုင်သည့် အလေ့အကျင့်ကို ငယ်စဉ်ကပင် စွဲမြဲစွာကျင့်သုံးကြရန်၊ လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း ဥပဒေဆိုင်ရာ အခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ အမှားအယွင်းမရှိ တာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရန်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်တတ်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ ဖွင့်လှစ်သည့် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ အရာထမ်း ကိုးဦး၊ အမှုထမ်း ၉၁ ဦး၊ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ကြပြီး ဥပဒေအဓိပ္ပါယ်နှင့် သဘောသဘာဝများ၊ ဥပဒေအခြေခံသဘောတရားများ၊ ဥပဒေအမျိုးအစားများ၊ Online ငွေကြေးလိမ်လည်မှုအကြောင်း သိကောင်းစရာများ၊ ရာဇသတ်ကြီးအကြောင်း သိကောင်းစရာများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ စသည့် ဘာသာရပ်များကို ငါးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁)အလတ်စားလယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်၍ စက်မှုလယ်ယာဦးစီးဌာနမှ ထုတ်လုပ်အသုံးပြုနေသည့် လက်ဆွဲကောက်စိုက်စက်၊ ရှစ်တန်းသွား တစ်ဘီးတပ်ကောက်စိုက်စက်၊ ခြောက်တန်းသွား လေးဘီးတပ်ကောက်စိုက်စက်၊ ကောက်ရိတ်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များနှင့် အလုပ်ရုံအတွင်းရှိ လယ်ယာသုံးစက်ကိရိယာများ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကြည့်ရှုအားပေးရာတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးက လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နေမှုအခြေအနေများနှင့် အသုံးပြုပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နွေးစပါးရာသီတွင် လယ်ယာသုံးစက်ကိရိယာများဖြင့် စိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပြီး နေပြည်တော်အတွင်းရှိ နွေစပါး၊ မိုးစပါး စိုက်ပျိုးရာသီတွင် အဆင့်မြင့်လယ်ယာများတွင် ကောက်စိုက်စက်များဖြင့် စက်စွမ်းအားပြည့် စိုက်ဧကများကို ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ ထုတ်လုပ်သည့် စက်ကိရိယာများကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ရေး၊ တောင်သူများ တွင်ကျယ်စွာအသုံးပြုလာနိုင်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးရပ်ကို စနစ်တကျလိုက်နာဆောင်ရွက်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်း စနစ်များဖြင့် စိုက်ပျိုးရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျပညာပေးဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သမဝါယမအသင်းများနှင့် ပူးပေါင်းပြီး လယ်ယာသုံးစက်ကိရိယာများကို ကိုယ်ပိုင်ဝယ်ယူသုံးစွဲနိုင်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်းမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment