မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအစီအစဉ် (MKCF) မှတ်တမ်းရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအစီအစဉ် (MKCF) မှတ်တမ်းရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကျင်းပ




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဦးဆောင်ကျင်းပသည့် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအစီအစဉ် (MKCF) အရ မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့်အစားအစာများ) အစီအစဉ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ရန်ကုန်မြို့၊ မြဝတီမီဒီယာစင်တာ Ball Room ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအစီအစဉ် (MKCF) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မဲခေါင်-ကိုရီးယား နိုင်ငံများမှ စီမံကိန်းအကြံပေးပညာရှင်များ၊ မှတ်တမ်းရုပ်ရှင် အကဲဖြတ်ဒိုင်များ၊ စီမံကိန်း စီမံကွပ်ကဲရေးအဖွဲ့ (PIA TEAM) အဖွဲ့ဝင်များ၊ မှတ်တမ်းရုပ်ရှင်များ ရေးသားရိုက်ကူးဖန်တီးကြသည့် ဒေသတွင်းနိုင်ငံများမှ လူငယ်အနုပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသူကျောင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ Mekong-ROK Cooperation Fund, Project Coordinator Ms. Mi Jung Im ၊ ကမ္ဘောဒီးယားနိုင်ငံမှ External Consultant, Mr. Him Sotithya ၊ လာအိုနိုင်ငံမှ External Consultant Mr. Anysay Keola ၊ ထိုင်းနိုင်ငံမှ External Consultant Mr. Anuchit Wattanapron၊ ဗီယက်နမ်နိုင်ငံမှ External Consultant Mr. Nguyen Sy Bang တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မဲခေါင်-ကိုရီးယား နိုင်ငံများသည် တူညီသည့် ရိုးရာယဉ်ကျေးမှုများရှိကြပြီး မတူကွဲပြားသော အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များ ပိုင်ဆိုင်ထားသည်ကို တွေ့မြင်ရပါကြောင်း၊ ယခုကဲ့သို မဲခေါင်-ကိုရီးယား နိုင်ငံများ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အပြန်အလှန်လေးစားတန်ဖိုးထားပြီး ထိန်းသိမ်းမြှင့်တင်ကြရန်၊ မဲခေါင်-ကိုရီးယာနိုင်ငံများ၏ လူငယ်များအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် တို့ကိုရည်ရွယ်ပြီး မဲခေါင်ဒေသအတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုင်းမှာရှိသည့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများသည် အဆိုပါနိုင်ငံ၏ သမိုင်းနှင့်ယဉ်ကျေးမှု မှတ်ကျောက်များပင် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လက်ဆင့်ကမ်းထိန်းသိမ်းရမည့် ယဉ်ကျေးမှုများကို ယနေ့ မဲခေါင်ရုပ်ရှင်ပွဲတော်ကနေ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ကြမည်ဆိုတာ သိရပါသဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံက အဖွင့်အမှာစကား ပြောကြားသည်။ 

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးမှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Mekong-ROK Cooperation Fund (MKCF) Project Coordinator Ms. Mi Jung Im က အစီအစဉ် မိတ်ဆက်စကား ပြောကြားသည်။ 

ထို့နောက် တောင်ကိုရီးယား အနုပပညာတက္ကသိုလ် (K-Art) မှ ပါမောက္ခနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူတို့က မှတ်တမ်းရုပ်ရှင်ဖန်တီးမှု အတတ်ပညာဆွေးနွေးပို့ချသည်။

ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ရိုးရာအားကစားနှင့်ရိုးရာ အစားအစာ မှတ်တမ်းရုပ်ရှင်များပြသကာ တက်ရောက်လာကြသူများက အပြန်အလှန် မေးမြန်း ဆွေးနွေးဖြေကြားကြသည်။

အဆိုပါ မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် အစားအစာများ) အစီအစဉ်ကို မြဝတီမီဒီယာစင်တာတွင် ဖေဖော်ဝါရီ (၁၇) ရက်မှ (၂၀) ရက်နေ့ထိ ကျင်းပသွား မည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ မဲခေါင်ဒေသတွင်းလူငယ် ရုပ်ရှင်ဖန်တီးသူများ၏ ရိုးရာအားကစားနှင့်ရိုးရာအစားအစာအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များကို ပြသသွားမည်ဖြစ်ပြီး အများပြည်သူကြည့်ရှုနိုင်ရန် မြဝတီမီဒီယာစင်တာ Cinema Hall ရုပ်ရှင်ရုံခန်းမတွင် မဲခေါင်ဒေသတွင်း လူငယ်ရုပ်ရှင်ဖန်တီးသူများ၏ ရိုးရာ အားကစားနှင့် ရိုးရာအစားအစာ ပြိုင်ပွဲဝင်လက်ရာရုပ်ရှင်ဇာတ်ကားများကို ပြသသွားမည် ဖြစ်သည်။ မဲခေါင်ဒေသတွင်း နိုင်ငံများသည် မီဒီယာကိုအသုံးပြု၍ ရိုးရာအားကစားနှင့် ရိုးရာအစား အစာအကြောင်းကိုမျှဝေရန်၊ ထိန်းသိမ်းရန်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ခြင်းမြှင့်တင်ရန်၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရန်၊ ဒေသတွင်းနိုင်ငံများ၏ မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားမှုမြှင့်တင်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ အဆိုပါ စီမံကိန်းကို တာဝန်ယူ ဦးဆောင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)