ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ



နေပြည်တော်၊ မတ် ၂၅

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ အခြားနှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက တီဘီရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်ပြီး ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ရောဂါများထဲမှ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်လည်းဖြစ်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကို သုညအထိလျှော့ချရန် ရည်မှန်းချက်ဖြင့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်း /ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

တီဘီရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့် တီဘီဆေးနှင့် ဆေးပစ္စည်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးလျက်ရှိရာ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံ ခွဲဝေချထားသုံးစွဲခဲ့ပါကြောင်း၊ တီဘီလူနာရှာဖွေတွေ့ရှိမှုနှုန်း၊ ဆေးကုသမှုအောင်မြင်နှုန်း ရည်မှန်းချက်မပြည့်မီသော တိုင်းဒေသကြီး/ပြည်နယ်များအနေနှင့် ပိုမို၍ ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တီဘီလူနာတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနသို့ မဖြစ်မနေ မပျက်မကွက် သတင်းပို့ကြရန်လိုအပ်ပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများ ပိုမိုပါဝင်လာအောင် ဆောင်ရွက်ရန်လိုကြောင်း။

ကလေးများတွင် တီဘီရောဂါရှာဖွေခြင်းကို အဆင့်မြင့်ဓာတ်ခွဲပစ္စည်းများဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ကျောင်းအခြေပြု တီဘီရောဂါရှာဖွေရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီဘီလူနာနှင့် အတူနေမိသားစုထဲမှ အသက်ငါးနှစ်အောက်ကလေးများကို တီဘီရောဂါမဖြစ်ပွားအောင် တီဘီရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး အသက်ငါးနှစ်အထက်ရှိသူများကိုလည်း တီဘီရောဂါကာကွယ်ဆေး တိုက်ကျွေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းသည် တီဘီရောဂါ ရှာဖွေခြင်းလုပ်ငန်းတွင် အချိန်မရွေး၊ နေရာဒေသမရွေး စမ်းသပ်စစ်ဆေးပေးနိုင်သည့် အဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းများကို အသုံးပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “တီဘီရောဂါပပျောက်ဖို့၊ ကတိပြုရင်းနှီးမြှုပ်နှံလို့၊ အားလုံးပါဝင်ဆောင်ရွက်စို့”နှင့်အညီ တီဘီရောဂါပပျောက်ရေးအတွက် အားလုံးပါဝင် ကတိကဝတ်ပြုကြပြီး လူအင်အား၊ ငွေအင်အား ရင်းနှီးမြှုပ်နှံကြကာ တီဘီရောဂါကာကွယ်ကုသရေး ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန်အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


သတင်းစဉ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)