ထရမ့် က အမေရိကားကို ဘာလုပ်ချင်တာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့် က အမေရိကားကို ဘာလုပ်ချင်တာလဲ


မတ် - ၂၇ ( ကြာသပတေးနေ့ ) 

ထရမ့်ကဒုတိယအကြိမ် သမ္မတဖြစ်တော့ ပထမသက်တမ်းတုန်းကလို မဟုတ်ခဲ့ဘဲ အစိုးရဝန်ထမ်း တော်တော် များများကို အလုပ်ဖြုတ်ပစ်လိုက်တယ်။ သူ ပထမသက်တမ်းတုန်းက ပြည်ထောင်စုအစိုးရမှာ မလိုအပ်ဘဲ ပိုနေတာတွေကို တွေ့ခဲ့တယ်နဲ့ တူပါတယ်။ သူက ဘယ်သူတွေကိုဖြုတ်သင့်တယ်။ ဘယ်သူတွေကို မဖြုတ်သင့်ဘူးဆိုတာကို တိတိကျကျသိနေတာပါပဲ။ အစိုးရရဲ့ အတွင်းပိုင်းမှာလှိုက်စားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ရှင်းပစ်လိုက်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ကောင်းတာတွေဖြစ်နိုင်သလို မကောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ အမေရိကားက စက်မှုတော်လှန်ရေး နောက်ပိုင်းမှာ ခေတ်သစ်အစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့တယ်။ ခိုင်မာတဲ့ အခြေခံဥပဒေနဲ့ တောင့်တင်းတဲ့ ဌာနတွေ ရှိခဲ့တယ်။ အဲ့ဒါတွေက ထရမ့်ရဲ့ နည်းပညာ အစိုးရလက်ထက်မှာ ပြောင်းလဲမှုတွေ ဖြစ်သွားတာပါပဲ။ အစိုးရအဖွဲ့ပြောင်းလဲသွားတယ်လို့ ပြောရမှာပါ။ 

၁၉၆၆ - ၁၉၇၆ တရုတ်နိုင်ငံမှာ ယဉ်ကျေးမှုတော်လှန်ရေးတစ်ရပ်ကို မော်စီတုံးဦးဆောင်တဲ့ အစိုးရတစ်ရပ်က ဆင်နွဲခဲ့ပါတယ် ။ အဲ့တုန်းကလည်း တရုတ်တွေက ခေတ်သစ်တရုတ်နိုင်ငံရဲ့ အရှုတ်ထွေးဆုံး ကာလကို ဖြတ်သန်းခဲ့ကြရဖူး ပါတယ်။ ဆင်းရဲသားတွေကို ကယ်တင်နေတယ်ဆိုပြီး ဂုတ်သွေးစုပ်နေတဲ့ ဟန်ပြ သူဌေးတွေကို ချေမှုန်းခဲ့ပါတယ် ။ မလိုအပ်တဲ့ တက္ကသိုလ်တွေကို ပိတ်ပစ်တယ် ။ ပညာတတ်တွေလို့ ခံယူပြီး လူညွှန့်ခူးစားနေတဲ့ တက္ကသိုလ် ပါမောက္ခတွေ ၊ ပညာတတ်တွေလို့ နာမည်ခံထားတဲ့သူတွေကို လယ်ကွင်းတွေထဲအထိ ဆင်းခိုင်းပြီး အလုပ်လုပ်ခိုင်းတယ်။ အကျင့်ပျက်ခြစားမှု သံသရာထဲက အစိုးရဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေအား အရပ်ထဲမှာ လူကြီးပိုင်းတွေလို့ ခေါ်တဲ့သူတွေကို တိုက်ခိုက်ဖို့ ၊ နှောက်ယှက်ဖို့အတွက် အားပေးခဲ့ပါတယ်။ ထရမ့်က အဲ့လိုပုံစံမျိုး သွားချင်နေတဲ့ ပုံရှိပါတယ် ။ ဒါပေမဲ့ ပုံစံတော့ နည်းနည်း ကွဲမယ်ထင်ပါတယ်။ 

စိတ်မကောင်းစရာတစ်ခုက ပုဂ္ဂိုလ်ရေး အမြင်အရပြောရရင် VOA ကို ထရမ့်အစိုးရက ထောက်ပံ့ကြေး မပေးတော့ဘဲ ရပ်ပစ်လိုက်တာပါ။ စာရေးသူက အင်္ဂလိပ်စာကိုလေ့လာတဲ့နေရာမှာ VOA က တစ်ထောင့် တစ်နေရာက ပါခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့လို အင်တာနက်ခတ်ကြီးမှာ VOAက နောက်ကျကျန်ခဲ့တာကတော့ အမှန်ပါပဲ  ။ အဲ့ဒိထဲမှာ USAID က အထိနာဆုံးပါပဲ။ အဲ့ဒိအေဂျင်စီက နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အမေရိကန်ရဲ့ ဩဇာကို တောင့်တင်းခိုင်မာမှု အရှိဆုံးပြနေတဲ့ အဖွဲ့ပါ။ ခေတ်သစ်ကမ္ဘာမှာ USAIDထက် ပိုကောင်းတဲ့ အေဂျင်စီ မရှိပါဘူး ။ တရုတ်တွေတောင် အဲ့ဒိလိုမျိုး မလုပ်နိုင်ပါဘူး။ ထရမ့်အစိုးရကတော့ တရုတ်အကျိုးစီးပွားကို ခိုင်မာလာအောင်လုပ်တယ်လို့ မြင်လိုက်တဲ့ အတွက် ရပ်ဆိုင်းခံလိုက်ရတယ်လို့ မြင်ပါတယ်။ 

နောက်တစ်ခုက ထရမ့်အစိုးရက ဥရောပမဟာမိတ်တွေကို စွန့်ခွာချင်ပုံရတာပါပဲ။ ဥရောပက မဟာမိတ်တွေ အစား အာရှဘက်ကိုပြောင်းလိုက်တာက ပိုပြီး အဆင်ပြေမဲ့ပုံပေါ်တာကြောင့် တောင်ကိုရီးယားတို့ ၊ ဂျပန်တို့ဘက်ကို ဦးလှည့်လိုက်တာပါပဲ။ ဥရောပက အမေရိက ရဲ့ ကာကွယ်မှုအောက်ကနေ လွတ်သွားနိုင်မဲ့ပုံ ရပါတယ်။ 

အဆုံးသတ်ကို ကြည့်လိုက်တော့ ထရမ့်အစိုးရက ဩဇာအတွက် ဆုံးရှုံးနေရတဲ့ ပိုက်ဆံတွေကို အမျိုးသား အကျိုးစီးပွားအတွက် ပြန်ပြီဆယ်ယူနေတဲ့ ပုံပေါ်ပါတယ်။ 

ထရမ့်အစိုးရ ရဲ့ အဓိကကစားသမားတွေ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မက်စ်တို့က စီးပွားရေးသမားတွေပါ။ သူတို့က ဩဇာထက် အကျိုးစီးပွားကို ပိုပြီး အာရုံစိုက်ကြမှာပါ။ အမေရိကကို ထရမ့်ဘာလုပ်ချင်တာလဲ ဆိုတာကို စဉ်းစားကြည့်တော့ ချမ်းသာချင်တာ သက်သက် လို့ပဲမြင်ပါတယ် ။ အဲ့တော့ အမေရိက က ဆင်းရဲနေလို့လား ဆိုတော့ သမ္မတ ထရမ့်ပဲ ရှင်းရှင်းလင်းလင်း မြင်မှာပါ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)