စစ်တွေမြို့၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပါယ်တော်မူသည့် စံကျောင်းတော်နှစ်ဆောင်အား စိန်ဖူးတော်တင်လှူပူဇော်ခြင်း၊ လက်ဝဲသလုံးတော်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်တင်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပါယ်တော်မူသည့် စံကျောင်းတော်နှစ်ဆောင်အား စိန်ဖူးတော်တင်လှူပူဇော်ခြင်း၊ လက်ဝဲသလုံးတော်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်တင်လှူပူဇော်


နေပြည်တော်၊ မတ် ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပါ တော်မူသည့် စံကျောင်းတော်နှစ်ဆောင်အား စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အောင်မြေဌာပနာထည့်သွင်းပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လောကာ နန္ဒာစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ စစ်တွေမြို့၊ ကြွဖြူ ဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ တေဇဝန္တ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြွဖြူ ကျောင်းတိုက် ပဓာနနယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံ စိန်ဖူးတော်နှင့် ဌာပနာတော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် စိန်ဖူးတော်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က မာရဝိဇယဗုဒ္ဓရုပ်ပွားတော် စံကျောင်းတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော် စံကျောင်းတော်သို့ အသီးသီးပင့်ဆောင်ပူဇော်ကြပြီး လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်ထက်ရှိ အောင်မြေနေရာတွင် ဌာပနာတော်များ ထည့်သွင်းပူဇော်ကြသည်။

ဆက်လက်၍ စစ်တွေမြို့၊ ကန်တော်ကြီးအနီးရှိ ရှေးဟောင်းသမိုင်းဝင် လက်ဝဲ သလုံးတော်ဓာတ်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော် ၊ ငှက်မြတ်နားတော်များအား ပြန်လည်ပြုပြင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်း၊ မင်္ဂလာအခမ်းအနားကို အဆိုပါစေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြွဖြူ ကျောင်းတိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော သံဃာတော်များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား ပင့်ဆောင်၍ တင်လှူ ပူဇော်ခဲ့ကြသည်။

ထို့နောက် ကြွရောက်လာကြသည့် သံဃတော်များက ဗုဒ္ဓါဘိသေကအနေကဇာ တင်ကြပြီး ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ကာ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာ ဘဒ္ဒန္တ အရိယဝံသ က ဗြဟ္မဟိ ပါဠိဘာသာဖြင့် ဇေယျသိဒ္ဓိဓာမ် ဂါထာရွတ်ပွားပူဇော်သည်။

ထို့နောက် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး စစ်တွေမြို့ တပ်ဦးဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသ ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြပြီး  ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)