သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုသဘင်နှင့် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုသဘင်နှင့် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ




စစ်ကိုင်း၊ မတ် ၁၃

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုသဘင်အခမ်းအနား ကို ယမန်နေ့ ညပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူသံဃသန္နိပါတကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအမှူးပြုသော  သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အသီးသီးမှ ပါမောက္ခ/ ကထိက ဆရာတော်များ၊ ကျောင်းထိုင်/ကျောင်းပိုင် ဆရာတော်၊ ဆရာကြီး များ၊ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

ဦးစွာ နမောတဿ မဟာပဏာမ သုံးကြိမ် ရွတ်ဆိုဘုရားရှိခိုး၍ အခမ်း အနားကို ဖွင့်လှစ်သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာ ပြုတက္ကသိုလ်နှင့် ဓမ္မဒူတဆေကိန္ဒာရာမတက္ကသိုလ်၏ ပါမောက္ခချုပ်၊ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယဆရာတော် ဘဒ္ဒန္တဆေကိန္ဒ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ ဗုဒ္ဓသာသနာပြု၊ အောက်စ်ဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိ၊ သီတဂူဗုဒ္ဓတက္ကသိုလ်အသီးသီးမှ ကျောင်းအုပ်ဆရာတော်များ၊ အခြားသီလရှင် ဗုဒ္ဓတက္ကသိုလ်များမှ သီလရှင် ဆရာကြီးများက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ငွေရတုသဘင်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘွဲ့ခံကျောင်းသား / ကျောင်းသူများကို  ပညာရေးဆိုင်ရာ အသိပညာဗဟုသုတများကို မျှဝေပို့ချခဲ့ကြ သည်။

ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာ ရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက နိဂုံးချုပ် ဆုံးမဩဝါဒမိန့်ကြားပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတု သဘင် အခမ်းအနားကို သီတဂူအဓိဋ္ဌာန် ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။

ထို့ပြင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၊ သီတဂူသံဃသန္နိပါတကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင် နိကာယသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ တက္ကသိုလ် ပညာရေးအဖွဲ့ဝင် ဆရာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဘွဲ့ခံကျောင်းသား/ကျောင်းသူများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒ စရိယ၊ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော  သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် အသီးသီးမှ ပါမောက္ခ/ကထိက ဆရာတော်များ၊ ကျောင်းထိုင်/ ကျောင်းပိုင် ဆရာတော်၊ ဆရာကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက နမောတဿ မဟာပဏာမ သုံးကြိမ် ရွတ်ဆိုဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက အဖွင့် ဩဝါဒကထာ မိန့်ကြား သည်။ ဆက်လက်၍  သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပါမောက္ခချုပ်၊ ရွှေကျင် နိကာယ ဉပဉက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဩဝါဒကထာကို လက်ထောက်ပါမောက္ခချုပ်ဆရာတော်က ဖတ်ကြားသည်။ ယင်းနောက် ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာ ကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက ဗုဒ္ဓဒေသနာ ပါရဂူ PhD ဘွဲ့ရ ၂ ဦး၊ ဗုဒ္ဓဒေသနာ မဟာဝိဇ္ဇာ MA ဘွဲ့ရရှိ ၈၆ ဦးနှင့် ဗုဒ္ဓဒေသနာ ဝိဇ္ဇာ BA ဘွဲ့ရရှိသူ ၂၅၉  ဦး၊ စုစုပေါင်း ၃၄၇ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ် နှင်းသည်။  

ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအဓိပတိ ဆရာတော်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာ ဖြစ်သည့် ဘွဲ့တံဆိပ်များကိုသုံးစွဲခွင့်ပြုခဲ့ပြီး သီတဂူကျောင်းသား/ ကျောင်းသူ များ ထားရှိရမည့် ခံယူချက် ၁၅ ချက်ကို  သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် ပညာရေးအဖွဲ့ဝင် ဒေါက်တာဘဒ္ဒန္တတိက္ခသာရက ဦးဆောင်၍ ဘွဲ့ရကျောင်းသား /ကျောင်းသူများက သံပြိုင်ရွတ်ဆိုကြသည်။ ဆက်လက်၍ အဝေးရောက် ဘွဲ့အပ်နှင်းခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သီတဂူ အဓိပတိ ဆရာတော်နှင့် ပါမောက္ခချုပ်ဆရာတော်တို့က ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးကြသည်။

၎င်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက  ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြား ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏  ပါမောက္ခ/ကထိက ဆရာတော်များ၊ ဘွဲ့ရ ကျောင်းသား/ကျောင်းသူများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက သီတဂူအဓိဋ္ဌာန်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် မတ်တပ်ရပ်ရွတ်ဆို၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပဉ္စမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)