ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောမြစ်ကြီးလေးစင်းအနက် အရှည်လျားဆုံးမြစ်တစ်စင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားကြသော ဧရာဝတီမြစ်မှာ မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ဟိမဝန္တာရေခဲတောင်များမှ မြစ်ဖျားခံစီးဆင်းလာသော နမ့်မိုင်ခ (ခေါ်) မေခမြစ်နှင့် မလိခမြစ်တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးတွင် ပေါင်းဆုံပြီး နိုင်ငံ၏ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းကာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စီးဝင်ပါသည်။
မြစ်၏ အလျား မှာ ၁၃၇၅ မိုင်ခန့် ရှည်လျားပြီး ရေကြောင်းသွားလာနိုင်သည့် အလျားမှာ မိုင် ၉၅၀ ကျော်ရှိပါသည်။ မြစ်ရေစီးဆင်းသည့် ပမာဏမှာ နှစ်စဉ်ပျမ်းမျှအားဖြင့် ကုဗမီတာ သန်း ၈၆၀၀၀၀ ခန့်ရှိပါသည်။ မိုးရွာသွန်းမှုအနေဖြင့် မိုးရေချိန်လက်မ ၄၀ မှ ၁၅၈ လက်မခန့်အထိ ရွာသွန်းလေ့ရှိပြီး ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများအတွင်း အခြားလများထက် မိုးရွာသွန်းမှုပိုမိုများပြားပါသည်။ ဧရာဝတီမြစ်ဝှမ်းကို အထက်ဧရာဝတီ၊ အလယ်ဧရာဝတီ၊ ချင်းတွင်းမြစ်ဝှမ်းဒေသ၊ အောက်ဧရာဝတီနှင့် မြစ်ဝကျွန်းပေါ်ဒေသဟူ၍ ဇုန် (Hydro-ecological Zone) ငါးပိုင်း ခွဲခြားထားပါသည်။
မေခမြစ်နှင့် မလိခမြစ်တို့သည် မြစ်ကြီးနားမြို့အနီး၌ စတင်ပေါင်းဆုံကာ ဧရာဝတီမြစ်အဖြစ် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထိ ဖြတ်သန်းစီးဆင်း လျက်ရှိပါသည်။ မြစ်ကြမ်းပြင် လျှောစောက်မှာ မြစ်ဆုံအထက်ပိုင်းဒေသ တွင် ပိုမိုမတ်စောက်ပြီး ၎င်းနေရာမှနေ၍ ဟင်္သာတမြို့အထိအပိုင်းမှာ မြစ်ကြမ်းပြင်လျှောစောက်ပြေပြစ်ပါသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအတွင်း၌ ကချင်ပြည်နယ်မှ စတင်စီးဆင်းပြီး မြစ်ဝှမ်းခွဲများမှာ မေခ၊ မလိခ၊ ချင်းတွင်း၊ မဏိပူရ်၊ ဧရာဝတီအထက်ပိုင်း၊ ဧရာဝတီမြစ်အလယ်ပိုင်း၊ ဧရာဝတီအောက်ပိုင်း၊ မူး၊ မြစ်ငယ်၊ ပန်းလောင်၊ ရွှေလီနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့ ဖြစ်ကြပါသည်။
ရာသီဥတု
ဧရာဝတီမြစ်ဝှမ်း၏ ရာသီဥတုအခြေအနေမှာ မိုးများပြီး မုတ်သုံရာသီဥတုအများစုဖြစ်ကာ ဘင်္ဂလားပင်လယ်အော်ဘက်မှ ဝင်ရောက်လာသည့် ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်လေ့ရှိပါသည်။ နေ့အပူချိန်မှာ မြစ်ဝှမ်း၏မြောက်ဖျားပိုင်း၌ သုညဒီဂရီစင်တီဂရိတ်မှ မြစ်ဝှမ်း အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် ၃၈ ဒီဂရီစင်တီဂရိတ် ခန့်အထိ ရှိပါသည်။ မြစ်ဝကျွန်းပေါ်ဒေသ၌ မုတ်သုံရာသီဥတုမရောက်မီနှင့် မုတ်သုံရာသီဥတုနှောင်းပိုင်းကာလများတွင် ဆိုင်ကလုန်းမုန်တိုင်းများ၊ လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်လေ့ရှိပါသည်။ ရေငွေ့ပြန်နှုန်းအားဖြင့် နှစ်စဉ်ပျမ်းမျှပမာဏ (Mean Annual Potential Evapotranspiration) ၄၉ လက်မမှ ၇၃ လက်မအထိရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
မြစ်ရေစီးဆင်းမှု
နှစ်စဉ်မြစ်ရေစီးဆင်းမှုအခြေအနေမှာ ရာသီဥတု၊ မိုးလေဝသနှင့် ဇလဗေဒအခြေအနေများအပေါ်မူတည်၍ ပြောင်းလဲလေ့ရှိပါသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မုံရွာမြို့၊ စစ်ကိုင်းမြို့၊ မကွေးမြို့နှင့် ပြည်မြို့တို့ရှိ မိုးလေဝသနှင့် ဇလဗေဒတိုင်းတာရေးစခန်းများမှ မြစ်ရေထုစီးနှုန်းတိုင်းတာရရှိသည့် အချက်အလက်များအရ အမြင့်ဆုံးမြစ်ရေစီးဆင်းနိုင်မှုကာလမှာ နှစ်စဉ်ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပေါ်လေ့ရှိပါသည်။
မြစ်ကြီးနားမြို့ဝန်းကျင်နှင့် ၎င်းမြို့၏ အထက်ပိုင်း မြစ်ဝှမ်းအပိုင်းတွင် ဇွန်လကုန်ထက် ပိုမိုစော၍ ဧပြီလမှစတင်ပြီး မြစ်ရေစီးနှုန်းပမာဏ များပြားပါသည်။ ရေနည်းကာလများမှာ မြစ်ကြီးနားမြို့၏ အထက်ပိုင်းတွင် ဇန်နဝါရီလလယ်မှ မတ်လကုန်အထိလည်းကောင်း၊ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းနှင့် အောက်ပိုင်း၌ တည်ရှိသော ပြည်မြို့အထိတွင် ဇန်နဝါရီလလယ်မှ မေလကုန်အထိလည်းကောင်း ဖြစ်ပေါ်လေ့ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၁၅ (ဇူလိုင်နှင့်ဩဂုတ်)နှင့် ၂၀၁၅ (စက်တင်ဘာလ)တို့တွင် မြစ်ရေမျက်နှာပြင် နိမ့်/မြင့်မှတ်မြင့်တက်၍ မြစ်ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကဲ့သို့ မြစ်ရေကြီး/ ရေလျှံ ဖြစ်ပေါ်ရာတွင် အချိန်ကာလအားဖြင့် ၂ ရက်ခန့်မှ ၁၇ ရက်ခန့်အထိ ကြာမြင့်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
ဧရာဝတီမြစ်ရေကို မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သည့် ဒေသများဖြစ်သော မူးမြစ်ဝှမ်းခွဲ၊ ဧရာဝတီအလယ်ပိုင်း၊ အောက်ပိုင်းနှင့် ပန်းလောင်မြစ်ဝှမ်းခွဲများရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အများဆုံးအသုံးပြုလျက်ရှိပါသည်။ ဧရာဝတီမြစ်ဝှမ်းအတွင်းရှိ မြစ်ရေကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အများစုအသုံးပြုလျက်ရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် သုံးရာခိုင်နှုန်းနှင့် အခြားလုပ်ငန်းများအတွက် အနည်းငယ်သာအသုံးပြုလျက်ရှိပါသည်။
ရေကြောင်းသွားလာမှု
ဧရာဝတီမြစ်ဝှမ်းသည် ဧရိယာ ၁၆၁၆၀၉ စတုရန်းမိုင်ခန့်ရှိပြီး မြန်မာနိုင်ငံရှိ လူဦးရေ၏ ၄၁ ရာခိုင်နှုန်းခန့်ကို အကျိုးပြုလျက်ရှိပါသည်။ ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ ဒေသအများစုသည် မြေဆီ၊ မြေဩဇာကောင်းမွန်သည့် လွင်ပြင်ဒေသများဖြစ်ပြီး ဆန်စပါးပိုမိုထုတ်လုပ်နိုင်ရေးအတွက် အခြေအနေကောင်းများရှိပါသည်။ ဧရာဝတီမြစ်ဝှမ်းမှ စိုက်ပျိုးရေးထွက်ကုန်အပါအဝင် တည်ဆောက်ရေးပစ္စည်းများ၊ လောင်စာဆီ၊ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ဝန်စည်များစွာ သယ်ယူပို့ဆောင်နိုင်သည်မှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသာဖြစ်ပါသည်။
ထို့ကြောင့် ဧရာဝတီမြစ်၏ ပြည်တွင်းရေကြောင်းသွားလာမှု လုပ်ငန်းသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်သည့် လူဦးရေအတွက်သာမက နိုင်ငံအတွက်ပါ အရေးပါသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကြီးဖြစ်ပါသည်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ပြည်တွင်းရေကြောင်းဖြင့် ပို့ဆောင်သည့်ကုန်စည် ပမာဏသည် ၂၀၁၅ ခုနှစ်တွင် တန်ချိန် ၁၀ သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၂၅ သန်းကျော်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ဧရာဝတီမြစ် ရေကြောင်းသွားလာမှုလုပ်ငန်းသည် စီးပွားရေးအရ တန်ဖိုးရှိသည့် စင်္ကြံတစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
မိုးရာသီကာလမြစ်ရေများချိန်တွင် ရေကြောင်းသွားလာမှုအခက်အခဲမရှိသော်လည်း နွေရာသီနှင့် ဆောင်းရာသီကာလ မြစ်ရေနည်းချိန်တွင် ရေစူးတိမ်၍ ရေကြောင်းကျပ်တည်းသည့် အခက်အခဲရှိပါသည်။ မြန်မာနိုင်ငံ၌ ပြည်တွင်းရေကြောင်းသွားလာမှုများအတွက် ပင်မမြစ် ကြီးများပေါ်တွင် ရေကြောင်းသွားလာရေး ရေထိန်းတံခါးများ တည်ဆောက်အသုံးပြုမှု မရှိသေးသော်လည်း နိုင်ငံတကာတွင် ပြည်တွင်းရေကြောင်းသွားလာမှုများအတွက် ရေကြောင်းသွားလာရေး ရေထိန်းတံခါးများ တည်ဆောက်၍ တွင်ကျယ်စွာအသုံးပြုလျက်ရှိပါသည်။
ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်းပြောင်းလဲနိုင်မှုအခြေအနေ
မြစ်ရေစီးလမ်းကြောင်းပုံစံပြောင်းလဲမှုသည် ဂေဟစနစ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် အချက်အလက်လည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်ဝှမ်း၏ ဂေဟဗေဒစနစ် (Ecohydro-logy Assessment)ကို ဆန်းစစ်လေ့လာရာတွင် ရေအရင်းအမြစ်ကို အသုံးချမှုပုံစံအပါအဝင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဇလဗေဒဆိုင်ရာအခြေအနေများ ပြောင်းလဲလာခြင်းနှင့် မြစ်ရေစီးကို အတားအဆီးပြုလုပ်ပြီး ရေသိုလှောင်အသုံးပြုခြင်းများမှ သက်ရောက်မှုများရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
မြစ်အတွင်း ရေလမ်းကြောင်းစီးဆင်းမှုအခြေအနေ (FlowRegime) ကို နှစ်စဉ်မြစ်ရေစီးနှုန်းတိုင်းတာသည့် အချက်အလက်များအရလည်းကောင်း၊ နှစ်အလိုက် မြစ်ရေစီးသည့် ထုထည်အနည်း/အများ ပမာဏနှင့် ၎င်းပမာဏများဖြစ်ပေါ်ခဲ့သည့် အကြိမ်ရေ (Flood Frequency and Seasonal Timing)အရ လည်းကောင်း၊ ရေကြီး/ရေလျှံဖြစ်ပေါ်ခဲ့သည့် ရေစီးပမာဏနှင့် ကြာမြင့်ကာလများအရလည်းကောင်း အခြေခံပြီး ခန့်မှန်းတွက်ချက်နိုင်ပါသည်။
ခြောက်သွေ့သောနွေရာသီ၌ ရေစီးဆင်းမှုပမာဏ ပိုမိုလျော့နည်းပါက ပင်မမြစ်၊ မြစ်လက်တက်နှင့် ချောင်းလက်တက်များဆက်သွယ်၍ ရေစီးသည့်အခြေအနေ (Longitudinal Connectivity) လျော့နည်းနိုင်ပြီး ရေတိမ်ပိုင်းများဖြစ်ပေါ်ကာ ရေနေသတ္တဝါများ အသက်ရှင်နေထိုင်မှုနှင့် ရေကြောင်းသွားလာမှုများကို ထိခိုက်စေနိုင်ပါသည်။ အလားတူ မိုးရာသီကာလအတွင်း ရေစီးဆင်းနှုန်းပမာဏပိုမိုပါက မြစ်၏ လျှောစောက်ပြေပြစ်သောအပိုင်းများတွင် ရေကြီး/ရေလျှံ၍ ရေလွှမ်းမိုးမှုများ ရင်ဆိုင်ကြုံတွေ့ရပါသည်။
နှစ်စဉ်နုန်းအနည်အနှစ်ပို့ချမှု အခြေအနေ
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေးတို့အတွက် အရေးပါသော ပင်မမြစ်ကြီးတစ်စင်းဖြစ်သဖြင့် ဧရာဝတီ၏ ဝဲယာမြစ်ရိုးတစ်လျှောက် မြေနိမ့်လွင်ပြင်များ၌ မြို့နှင့် ကျေးရွာများ ပျံ့နှံ့တည်ရှိလျက်ရှိပါသည်။ ဧရာဝတီမြစ်၏ ဝဲယာကမ်းပါးများကို လုံလောက်စွာ ကာကွယ်ထားမှုမရှိခြင်းကြောင့် နှစ်စဉ်ကမ်းပြိုမှု ဖြစ်ပွားခြင်း၊ ရေဝေရေလဲဒေသ၌ သစ်တောဖုံးလွှမ်းမှု လျော့နည်းလာခြင်း၊ မြေအသုံးချမှုပြောင်းလဲခြင်း၊ ကျောက်မျက်နှင့် ဓာတ်သတ္တုတူးဖော်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ ဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည်တို့ကြောင့် မြစ်လက်တက်များနှင့် ပင်မမြစ်အတွင်းသို့ စီးဝင်လာသောရေ၌ သဲနုန်းပါဝင်မှု နှစ်စဉ်မြင့်မားလျက်ရှိပါသည်။
ဧရာဝတီမြစ်၏ လက်တက်အချို့အပေါ်၌ ရေအားလျှပ်စစ်နှင့် စိုက်ပျိုးရေပေးဝေရေးအတွက် ရေလှောင်တမံများတည်ဆောက်ထားခြင်းကြောင့် အဆိုပါမြစ်လက်တက်များမှ ဧရာဝတီမြစ်အတွင်းသို့ သဲနုန်းအနည်ကျပို့ချမှုအထိုက်အလျောက် သက်သာသွားသော်လည်း သဘာဝအလျောက်စီးဆင်းနေသည့် လက်တက်များမှ ဧရာဝတီမြစ်အတွင်းသို့ နှစ်စဉ်သဲနုန်းပို့ချမှု မြင့်မားနေဆဲ ဖြစ်ပါသည်။
ရေအားလျှပ်စစ်ထုတ်လုပ်မှု၊ နည်းပညာတိုးတက်လာမှုများနှင့် အနိမ့်တမံရေအားလျှပ်စစ် ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် ရေလှောင်တမံများ တည်ဆောက်အသုံးပြုခြင်း (Storage Type) နှင့် သဘာဝရေစီးအားကို အသုံးပြုခြင်း (Run-of-River Type) ဟူ၍ အဓိကနည်းလမ်းနှစ်မျိုးဖြင့် လျှပ်စစ်ဓာတ်အားကို လက်ရှိထုတ်လုပ်လျက်ရှိပါသည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှုနည်းပညာတွင် အဓိကကျသည့်အချက်များမှာ လူလုပ်ဖန်တီးထားသော ရေအားအမြင့် (Water Head) (သို့မဟုတ်) သဘာဝ ရေစီးအား (Natural Flow)အပေါ်မူတည်ပြီး ဒီဇိုင်းတွက်ချက်ခြင်းဖြစ်သည့်အတွက် ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အားပမာဏ အနည်းအများသည် အဆိုပါအချက်အလက်များအပေါ်တွင် မူတည်ပါသည်။
ရေလှောင်တမံများတည်ဆောက်၍ ရေအားအမြင့်တစ်ခုဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် သဘာဝရေစီးအားများပါက ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ သဘာဝရေစီးသန်သောမြစ်ချောင်းများ ဖြတ်သန်းစီးဆင်းရာ တောင်ပေါ်ဒေသများ (သို့မဟုတ်) မြစ်ကမ်းဘေးများတွင် တမံတည်ဆောက်နိုင်သော တောင်ကုန်းတောင်တန်းများရှိသည့် အရပ်ဒေသများ၌ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အခြေအနေကောင်း ရှိပါသည်။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားအရ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ တစ်လျှောက်တွင် မြေပြန့်ဒေသများသာ တည်ရှိနေသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် အခွင့်အရေးနည်းပါးသည့် အခြေအနေရှိပါသည်။
ရေအားလျှပ်စစ်ကဏ္ဍတွင် နည်းပညာတီထွင်ဆန်းသစ်လာသည့်အလျောက် အနိမ့်တမံ ရေအားလျှပ်စစ်တည်ဆောက်မှုနည်းပညာကို အသုံးပြုလျက်မြေပြန့်ဒေသရှိ မြစ်ချောင်းများတွင်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။ မြေပြန့်ဒေသရှိ မြစ်ချောင်းများ၌ ရေစီးအားနည်းသော်လည်း သီးခြားတီထွင်ထားသော တာဘိုင်နှင့် ဂျင်နရေတာစနစ်ဖြင့်လည်းကောင်း၊ တာဘိုင်နှင့် ဂျင်နရေတာကို ပေါင်းစပ်ထားသည့် ရေမြုပ်ခံနိုင်သော တာဘိုင်ဒီဇိုင်းကို အသုံးပြု၍လည်းကောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပြီ ဖြစ်ပါသည်။
အနိမ့်တမံရေအားလျှပ်စစ်တွင် အသုံးပြုနိုင်သည့် တာဘိုင်များ ၏ထူးခြားချက်မှာ တာဘိုင်ဒလက်၏ လည်ပတ်နှုန်းကို လေအားလျှပ်စစ်တာဘိုင်များကဲ့သို့ ဖြည်းညင်းစွာ လည်ပတ်စေရန် ဒီဇိုင်းထုတ်လုပ်ထားပြီး ဂျင်နရေတာ (Generator) များဖြင့် တွဲဖက်၍ စက်စွမ်းအားပြည့် လျှပ်စစ်ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။ ထို့ပြင် အနိမ့်တမံဓာတ်အားပေးစက်ရုံများရှိ အချို့တာဘိုင်များတွင် တာဘိုင်ဒလက်လည်ပတ်မှုနှုန်းနှေးကွေးအောင် ပြုလုပ်ထားသည့်အပြင် တာဘိုင်ဒလက်အရေအတွက်ကို လျှော့ချထားခြင်း၊ တာဘိုင်အတွင်း ရေဖြတ်သန်းမှု ဧရိယာကျယ်ဝန်းစေခြင်း၊ ရေဖြတ်သန်းသည့် ဧရိယာတစ်လျှောက် ကြားလပ်မှုနေရာမရှိအောင် ဒီဇိုင်းပုံစံအမျိုးမျိုး ထုတ်လုပ်ထားခြင်းကြောင့် ငါးမျိုးစိတ်များ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သော တာဘိုင်များအဖြစ် အသုံးပြုနိုင်သည်အထိ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်လာပြီဖြစ်ပါသည်။
Axial Flow Fish Friendly Turbine အမျိုးအစားများတွင် တာဘိုင်လည်ပတ်နေချိန် တာဘိုင်အတွင်းမှငါးများ အလွယ်တကူဖြတ်သန်းသွားလာနိုင်ပါသည်။ အနိမ့်တမံရေအားလျှပ်စစ်စီမံကိန်းများကို မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်သောနေရာများတွင် တည်ဆောက်လေ့ရှိပြီး မြစ်၏ရေကြောင်းသွားလာရေး အထောက်အကူပြုစေရန် ရေတံခါးများ (Navigation Gate) များ ထည့်သွင်းတပ်ဆင်၍ အသုံးပြုလေ့ရှိကြပါသည်။
ထို့ပြင် တမံ၏ အထက်ဘက်နှင့် အောက်ဘက်ပိုင်းသို့ ငါးမျိုးစိတ်များ အလွယ်တကူဖြတ်သန်းသွားလာနိုင်ရန်အတွက် ငါးကူးလှေကား (Fish Ladder) များကို ဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထည့်သွင်းတည်ဆောက်လေ့ရှိပါသည်။ အချို့သော အနိမ့်တမံစနစ် ဓာတ်အားပေးစက်ရုံများတွင် တာဘိုင်နှင့် ဂျင်နရေတာစနစ် (Turbine Generator Unit) တစ်စုံလုံးကို ရေပေါ်သို့ အလွယ်တကူမတင်နိုင်သည့် တွဲဆက်စနစ်များ (Hydromatrix Module)ကို ရွေးချယ်တည်ဆောက်နိုင်သဖြင့် နုန်းအနည်ကျမှုကိုလည်း လျှော့ချနိုင်ပြီ ဖြစ်ပါသည်။
အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးများ
ဧရာဝတီမြစ်ဝှမ်းအတွင်း ဆင့်ကဲထပ်ဆင့်အနိမ့်တမံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းအားဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်-
ဧရာဝတီမြစ်အတွင်းရှိ ရေချိုအရင်းအမြစ်များ ပင်လယ်အတွင်းသို့ စီးဝင်ခြင်းဖြင့် ဆုံးရှုံးလျက်ရှိသော ရေချိုများကို ထိန်းသိမ်းထားနိုင်ခြင်း၊
နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဧရာဝတီမြစ်ရေကို အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊
ရေကြောင်းသွားလာရေးအတွက် လုံလောက်သော ရေအနက် ရရှိနိုင်ခြင်း၊
အနိမ့်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း (Low Head Hydropower) နှင့် ရေစုပ်တင် သိုလှောင်၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း (Pumped-storage Hydropower) တို့ဖြင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်ခြင်း၊
စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များကို လုံလောက်စွာ ထောက်ပံ့နိုင်ခြင်း၊
ရေစီးအားကိုထိန်းထားနိုင်သဖြင့် မြစ်တစ်လျှောက်ရှိ ခြောက်သွေ့သောဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင် ပြီး ရာသီဥတုမျှတလာနိုင်ခြင်း၊
မြစ်ဝကျွန်းပေါ်ဒေသများတွင် နှစ်စဉ် ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ခြင်း၊
ရေကြောင်းအသုံးပြု ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ နိုင်ခြင်း၊
မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာနိုင်ခြင်း၊
ရေကြောင်းပို့ဆောင်ရေး၊ ကုန်စည်ဖလှယ်ရေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
မြစ်ဝှမ်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ
အနိမ့်တမံများ တည်ဆောက်မည်ဆိုပါက ရေကြီး/ရေလျှံမှုဖြစ်သည့်အချိန်တွင် အနိမ့်တမံများတည်ဆောက်ခြင်းမရှိသည့်အချိန်က ရေကြီး/ ရေလျှံမှုထက် ပိုမိုဆိုးရွားမှုများမရှိစေရန် အဓိကလေ့လာဆန်းစစ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ မြှင့်တင်သိုလှောင်မည့် ရေမျက်နှာပြင် အမြင့်များလေလေ ထိခိုက်မှုများလေလေဖြစ်ပြီး ထိခိုက်မှုလျော့နည်း သက်သာစေရေးဆောင်ရွက်ပေးရမည့် ကုန်ကျစရိတ်လည်း များလာမည်ဖြစ်ပါသည်။
သို့ဖြစ်၍ စိုက်ပျိုးရေပေးဝေမှု၊ ရေလမ်းကြောင်းသွားလာမှုနှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတို့မှ ရရှိလာမည့် အကျိုးအပြစ်များနှင့် အရှုံးအမြတ်များကို ဘက်ပေါင်းစုံမှ ချင့်ချိန်၍ အနိမ့်တမံ၏ ထားရှိသင့်သည့်အမြင့်ကို စဉ်းစားသတ်မှတ်ရမည် ဖြစ်ပါသည်။ ဧရာဝတီမြစ်သည် သုံးနှစ်မှ ငါးနှစ်လျှင် တစ်ကြိမ်ခန့်ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်တတ်ပြီး မြစ်ရိုးတစ်လျှောက် မြေနိမ့်ပိုင်းများတွင် နေထိုင်ကြသော မြစ်ကမ်းခြေကျေးရွာများသည် ရေကြီး/ရေလျှံမှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေ့ရှိပါသည်။
သို့ဖြစ်ရာ အနိမ့်တမံများ ဆောင်ရွက်မည့် နေရာအလိုက် တမံအမြင့်နှင့် အမြင့်ဆုံးရောက်ရှိနိုင်မည့် ရေမျက်နှာပြင် နိမ့်/မြင့်မှတ် တို့ကိုသတ်မှတ်ရာ၌ ၎င်းတမံတည်ဆောက်မည့်နေရာတွင် နှစ်စဉ်မိုးရာသီအတွင်း မြင့်တက်လေ့ရှိသော ပုံမှန်အမြင့်ဆုံးရေမျက်နှာပြင် နိမ့်/မြင့်မှတ်ထက် ကျော်လွန်ခြင်းမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အလားတူပွင့်လင်းရာသီတွင်လည်း ထားရှိလိုသည့် ရေမျက်နှာပြင် နိမ့်/မြင့်မှတ်အောက် မရောက်ရှိစေရေးနှင့် မိုးရာသီကာလတွင် သတ်မှတ်ရေမျက်နှာပြင် နိမ့်/မြင့်မှတ်ထက် ကျော်လွန်မှုမရှိစေရေး ထိန်းညှိပေးနိုင်မည့်အစီအမံများကို ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ အနိမ့်တမံနှင့်တွဲဖက်၍ လိုအပ်သည့်နေရာများတွင် လူနေဧရိယာနှင့် စိုက်ပျိုးမြေများကို ရေကြီး/ရေလျှံမှုမဖြစ်စေရေးအတွက် တာပေါင်များ ထည့်သွင်းတည်ဆောက်ပေးရပါမည်။ တာပေါင်များ တည်ဆောက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ရေရှည်တွင် ပြုပြင်ထိန်းသိမ်းရသည့် ကုန်ကျစရိတ်သက်သာစေမည့် နည်းလမ်းကို လေ့လာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ပြင် ဧရာဝတီမြစ်၌ အနိမ့်တမံ စီမံကိန်းများဆောင်ရွက်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ မရှိကိုလည်း ထည့်သွင်းလေ့လာဆန်းစစ်ရန် လိုအပ်ပါမည်။
လေ့လာသုံးသပ်အကြံပြုတင်ပြချက်
ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် မှီတင်းနေထိုင်သည့် လူဦးရေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ရေကြောင်းခရီးသွားလာမှုများ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဂေဟစနစ်၊ မြေအသုံးချမှုအားလုံးနှင့် ပတ်သက်ဆက်နွှယ်နေပါသဖြင့် ၎င်းမြစ်တစ်လျှောက်၌ အနိမ့်တမံစနစ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လျာထားစီမံကိန်းအားလုံးကို နည်းပညာပိုင်းဆိုင်ရာ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးတွက်ခြေကိုက်မှုဆိုင်ရာနှင့် အခြားသောရှုထောင့် ပေါင်းစုံတို့မှ အကျိုးအပြစ်သက်ရောက်မှုများကို လေ့လာဆန်းစစ်ပြီးမှသာ စီမံကိန်းတစ်ခုချင်းစီ၏ ဦးစားပေးအဆင့်အလိုက် နိုင်ငံတော်အဆင့်စီမံကိန်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ဦးစားပေး စီမံကိန်းများအပေါ် သတ်မှတ်လေ့လာဆန်းစစ်ရာတွင်-
အနီးတစ်ဝိုက်ရှိ မြေမျက်နှာသွင်ပြင်အနေအထား၊
မြစ်ကြောင်းအတွင်းရှိ သဲနုန်းအနည်ပို့ချမှုနှုန်းနှင့် မြစ်အတွင်း သောင်ထွန်းနိုင်မည့် အခြေအနေများ၊
ရေကြောင်းသွားလာနိုင်မှု အခြေအနေ၊
မိုးတွင်းနှင့် နွေရာသီကာလ မြစ်ရေအနက်ကွာခြားမှု အခြေအနေ၊
ဒေသခံပြည်သူများ မှီခိုနေထိုင်မှုအခြေအနေ၊
မြစ်ကြောင်းထိန်းသိမ်းခြင်း ဆောင်ရွက်နိုင်မှုအခြေအနေများကို လေ့လာဆန်းစစ်ပြီးမှသာ ဦးစားပေးစီမံကိန်းများကို ရွေးချယ်ရပါမည်။
မြစ်ကြောင်းထိန်းသိမ်းရာတွင် မြစ်ရေလမ်းကြောင်းစီးဆင်းမှု၊ မြစ်အတွင်းသောင်ထွန်းမှုနှင့် ရေကြီး/ရေလျှံမှုအခြေအနေများမှ ကာကွယ်ရန်အတွက် နှစ်ရှည်စီမံချက်ရေးဆွဲ၍ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ အနိမ့်တမံစနစ် ရေအားလျှပ်စစ်စက်ရုံများ၏ သက်တမ်းကာလအတွင်း နှစ်စဉ်ဖော်ပြပါအတိုင်း မြစ်ကြောင်းများထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။
ဥရောပရှိ မြစ်ကြီးများဖြစ်သည့် ဒင်ညုမြစ်နှင့် ရိုင်းမြစ်ပေါ်ရှိ ဆင့်ကဲထပ်ဆင့် အနိမ့်တမံစနစ် ရေအားလျှပ်စစ်စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ကဲ့သို့ပင် သဲနုန်းအနည်ကျပို့ချသည့်နှုန်းများသောကြောင့် မြစ်ကြောင်းထိန်းသိမ်းသည့် လုပ်ငန်းကို နှစ်ပေါင်းရာချီ၍ ဆောင်ရွက်ခဲ့ရကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၌လည်း အနိမ့်တမံစနစ် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေအလားအလာ ကောင်းများ ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် အားသာချက်အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်းနှင့် ရေကြောင်းပို့ဆောင်ရေးပိုမိုသွားလာနိုင်ခြင်းတို့ဖြစ်ပြီး စိန်ခေါ်မှုများအနေဖြင့် ဧရာဝတီမြစ်နှင့်အပြိုင် တည်ရှိလျက်ရှိသော စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) မြေငလျင်အခြေအနေကို အသေးစိတ်ထည့်သွင်း လေ့လာဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဧရာဝတီမြစ်အတွင်း အနိမ့်တမံရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါအခြေအနေများကို လေ့လာဆောင်ရွက်ရပါမည်-
အထက်/အောက် အနိမ့်တမံ အချင်းချင်းရေထောက်မှုမရှိစေရေး၊
အနိမ့်တမံစီမံကိန်းအချင်းချင်း ဆင့်ကဲအကျိုးသက်ရောက်မှုများ (Cumulative Impacts) မရှိစေရေး၊
မဟာဓာတ်အားလိုင်းနှင့် အလွယ်တကူချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး၊
သဲနုန်းအနည်များ ဆင့်ကဲပို့ချမှုအခြေအနေ လေ့လာရေး၊
သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝသက်ရောက်မှုအနည်းဆုံးဖြစ်စေရေးတို့ကို ပြည့်စုံသောလေ့လာဆန်းစစ်မှုများ ပြုလုပ်ရမည် ဖြစ်ပါသည်။
ဧရာဝတီမြစ်အတွင်း အနိမ့်တမံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပါက ကုန်သွယ်ရေကြောင်းသွားလာရေးနှင့် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဘက်စုံအကျိုးရှိပြီး မြစ်ဧရာထာဝစဉ် ရှင်သန်စီးဆင်းနေနိုင်မည်ဖြစ်ပါကြောင်း ပြုစုရေးသားတင်ပြလိုက်ရပါသည်။ ။
မြမျိုး
#News #MNP #Article
https://t.me/MyanmarNationalPost
No comments:
Post a Comment