မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် ကနေဒါ၊ အိန္ဒိယစတဲ့နိုင်ငံတွေက နည်းပညာတွေရရှိမှာ ဖြစ်တဲ့အတွက် စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမယ့် ဆွေးနွေးမှုတွေဖြစ်ပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် ကနေဒါ၊ အိန္ဒိယစတဲ့နိုင်ငံတွေက နည်းပညာတွေရရှိမှာ ဖြစ်တဲ့အတွက် စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမယ့် ဆွေးနွေးမှုတွေဖြစ်ပါတယ်







 

နေပြည်တော်၊ မတ် ၆

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးဆောင်ကျင်းပသည့် နိုင်ငံငါးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းရှိ Esperado Lake View Hotel ၌ မတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။


ဦးဇော်ဇော်နိုင် (ဥက္ကဋ္ဌ၊ မြန်မာအိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသင်း)

အခုဆွေးနွေးပွဲမှာ အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှားနဲ့ တောင်အာဖရိက နိုင်ငံတွေကကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ အတွက် ကနေဒါ၊ အိန္ဒိယ စတဲ့နိုင်ငံတွေက နည်းပညာတွေ ရရှိမှာဖြစ်တဲ့အတွက် စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမယ့် ဆွေးနွေးမှုတွေဖြစ်ပါတယ်။ မလေးရှားနိုင်ငံက မြန်မာနိုင်ငံမှာ စားအုန်းဆီ၊ ဒူးရင်းသီးစိုက်ပျိုးရေးနဲ့တခြားသော စီးပွားရေးလုပ်ငန်းတွေလည်း လာရောက်လုပ်ကိုင်ချင်ကြတယ်။ စင်ကာပူနိုင်ငံကတော့ မြေရှားပါးတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ မြန်မာနိုင်ငံကို စိတ်ဝင်စားနေတာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တက်ရောက်တဲ့ နိုင်ငံတွေအပြင် တခြားသောနိုင်ငံတွေနဲ့လည်းအတူ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်း ပြည်ပမှာ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပ သွားဖို့ရှိပါတယ်။

ပြီးတော့ မလေးရှားနဲ့အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံနဲ့ စိုက်ပျိုးရေးကဏ္ဍ လက်တွဲဆောင်ရွက်ဖို့ ကွန်ဖရင့်တွေ ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာတော့ မြန်မာနိုင်ငံမှာကျင်းပဖို့ သဘောတူထားတာရှိပါတယ်။ ဒီလိုကွန်ဖရင့်ကနေ စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းတွေ ထွက်ပေါ်လာစေမှာပါ။ နိုင်ငံတော်အကြီးအကဲကလည်း မျိုးဆက်သစ်လူငယ်တွေ ကိုဦးစားပေးတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ လူငယ်တွေရဲ့ အားနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တာကြောင့် အလုပ် အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးသွားနိုင်မှာပါ။ အိန္ဒိယနိုင်ငံနဲ့လည်း IT နည်းပညာနဲ့ ဆေးဝါးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့လည်းရှိပါတယ်။


ဦးရန်ဝင်း(ဥက္ကဋ္ဌ ၊ မြန်မာခရီးသွားဘဏ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်)

နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကနေ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ လမ်းညွှန်ထားတာရှိပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးလာအောင် အားလုံးပူးပေါင်းဆောင်ရွက်သွားရမှာပါ။ ခရီးသွားကဏ္ဍကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆက်နွှယ်ဆက်စပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနိုင်ငံတကာနဲ့ဆက်သွယ်ပြီး ကွန်ဖရင့်တွေကျင်းပခြင်းဟာ နိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ တခြားသောလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့ အထောက် အကူဖြစ်စေမှာပါ။ နိုင်ငံတော်က ခရီးသွားကဏ္ဍမြှင့်တင်ဖို့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ အာဆီယံနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နေတာရှိပါတယ်။ နိုင်ငံတော်က လမ်းဖွင့်ဆောင်ရွက်ပေးမှုအပေါ် အဖွဲ့အစည်းတွေက အပြန်အလှန် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံအတွက် အကျိုးကျေးဇူးတွေ ရရှိလာမှာပါ။


Mr.Ravindra Jain (Vice President & President Elect၊ Rotary Club of Yangon)

ဒီနေ့ပြုလုပ်တဲ့ ကွန်ဖရင့်ဟာ အရေးကြီးပြီး ကောင်းမွန်တဲ့ ကွန်ဖရင့်တစ်ခုလည်းဖြစ်ပါတယ်။ Mr.Tanga Raja နဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပေါင်းစည်းပြီး ပြုလုပ်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံရဲ့စီးပွားရေးကို တိုးတက်စေချင်တာဖြစ်ပါတယ်။ အိန္ဒိယနဲ့မြန်မာနိုင်ငံရဲ့ သွေးရင်း ပမာနှစ်နိုင်ငံဆက်ဆံရေးဟာ ၁၉၄၂ ခုနှစ်ကတည်းက တည်ရှိခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့နှစ်နိုင်ငံမှာ အင်မတန်ကောင်းမွန်ပြီး ခိုင်မြဲတဲ့ဘာသာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိဖို့ လိုအပ်တယ်ဆိုတာကို အမြဲပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အိန္ဒိယ-မြန်မာ ပူးပေါင်းပြီး အရည်အသွေးကောင်းမွန်တဲ့ မျိုးစေ့တွေနဲ့ဆန်းသစ်တဲ့ နည်းပညာတွေရရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကနေ စီးပွားရေးတိုးတက်မှုတွေရရှိဖို့ အသေအချာပါပဲ။ ဒါကြောင့်များများထုတ်လုပ်ပြီး ဝင်ငွေများများရနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ရပ်လို့မြင်မိပါတယ်။ ဒါဟာဝမ်း မြောက်ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။


ဦးရှိန်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း)

အခုကွန်ဖရင့်မှာ နိုင်ငံအတော်များများ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ပိုပြီးအဓိကကျပါတယ်။ ကျွန်တော် တို့အသင်းအနေနဲ့ မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနဲ့ လက်မှတ်ထိုးထားတာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံဟာ မဖြစ်မနေကုန်သွယ်ရမယ့် နိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိအိန္ဒိယဟာ တိုးတက်မှုနှုန်းမြင့်မားပြီး မြန်မာနိုင်ငံနဲ့ သဘာဝ အခြေခံအပါအဝင် အသုံးအဆောင်ပစ္စည်းတွေ တော်တော်များများ တူညီကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် အတုယူစရာများစွာရှိနေပါတယ်။ သုံးစွဲတဲ့ဓာတ်မြေဩဇာဆိုရင် မူရင်းပျောက်ဆုံးမှုမရှိဘဲ သဘာဝအတိုင်းအသုံးပြုနိုင်တာကိုတွေ့ရမှာပါ။ မျိုးစေ့ကဏ္ဍဆိုရင်လည်း အတုယူစရာကောင်းပါတယ်။ ကျွန်တော်တို့နဲ့ လျှပ်စစ်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါတယ်။

ဒီလိုဖိုရမ်တွေ များစွာဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာနဲ့ပတ်သက်တဲ့ စာတမ်းတွေ ထွက်လာစေပါတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် အကြံဉာဏ်ကောင်း များစွာရရှိတဲ့အပြင် မိတ်ဆွေတွေလည်း တိုးပွားစေတာကြောင့် မြန်မာနိုင်ငံအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အခွင့်အလမ်းကောင်းတွေဖြစ်ပါတယ်။


ဦးအောင်ဇော်ဝင်း(ဒုတိယဥက္ကဋ္ဌ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအသင်း)

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှာ အိန္ဒိယနဲ့ မလေးရှားရဲ့ ပြောင်းလဲတိုးတက်မှုဟာ ထင်ရှားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တောင်သူလယ်သမားကဏ္ဍ ဖွံ့ဖြိုးလာစေမှာ အမှန်ပါ။ နိုင်ငံတော်အစိုးရက ကျေးလက်တောင်သူတွေရဲ့ လူမှုစီးပွားတိုးတက်အောင် လယ်ယာကဏ္ဍ ဖွံ့ဖြိုး ရေးကို ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ကျန်တဲ့အသင်းအဖွဲ့တွေကလည်း တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာမှာပါ။ စီးပွားရေးဖွံ့ဖြိုးမှုဟာ နိုင်ငံအေးချမ်းသာယာစေပြီး ဆင်းရဲချမ်းသာကွာဟမှုတွေကိုလည်း လျော့ကျ စေပါတယ်။

ဒေသတွင်း နိုင်ငံတချို့က စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပေမယ့်မြေနေရာ ရှားပါးတာမျိုးရှိတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတွေမှာ ရေခံမြေခံကောင်းမွန်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြပါတယ်။ ဒါကြောင့်ကျွန်တော်တို့နိုင်ငံလို စိုက်ပျိုးရေးအတွက် အခြေခံကောင်းတွေရှိတဲ့ နိုင်ငံကို စိတ်ဝင် စားကြတယ်။

ဖွံ့ဖြိုးမှုအပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မယ့် အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှားနဲ့ တောင်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ ဆွေးနွေးမှုရလဒ်တွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ကျေးလက်နေ စိုက်ပျိုးတောင်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ကောင်းများစွာရရှိစေမှာ ဖြစ်ပါတယ်။


တွေ့ဆုံမေးမြန်း- သစ္စာ(MNA)

ဓာတ်ပုံ- မောင်သီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)