ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်သွားမည်















နေပြည်တော်၊ မတ် ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကြပ်ကြပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့များက မတ်လ ၁၂ ရက်နေ့တွင် အဆိုပါမြို့နယ်ရှိ နားဟုတ်ကျေးရွာအုပ်စုအတွင်း ရှာဖွေဖော်ထုတ်စစ်ဆေးခဲ့ရာ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား ၁၆၅ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးတို့အား အလျား ၂၀၀ ပေ၊ အနံ ၆၀ ပေရှိ သွပ်မိုးခန်းမ ၁ လုံး၊ ၇ ခန်းတွဲ ယာယီလူနေအဆောက်အဦ ၅ လုံး၊ လုပ်ငန်းသုံး ပရိဘောဂပစ္စည်းများ၊ StarLink ၂ စုံ၊ ဖုန်းမျိုးစုံ ၃၀ လုံး၊ All in One ကွန်ပျူတာ ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများအား စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)