မကွေး , မတ် ၁၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆပ်ကော်မတီတာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုအင်အား တေးသီချင်းဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်၍ အဖွဲ့ဝင်(၁၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီ(၈)ရပ် ဖွဲ့စည်းပေးပြီးတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ဆပ်ကော်မတီ၏လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် လူငယ်လူရွယ်များအား အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများပေးခြင်းဆိုတဲ့ တာဝန်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)တို့ပူးပေါင်းပြီး အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် ဂဟေဆက်သင်တန်းတို့ကို စတုတ္ထအကြိမ်မြောက်ထိအောင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကလေးအလုပ်သမားပမာဏသည် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်အကျိုးသက်ရောက်မှုရှိကြောင်း၊ ယေဘုယျအားဖြင့် ကလေးအလုပ်သမားအများစုသည် ပညာရေးအဆင့်နိမ့်ကျသည့်သူများဖြစ်ပြီး အသိဉာဏ်ပညာနည်းသောကြောင့် အရွယ်မရောက်မီ အိမ်ထောင်ပြုတတ်ကြကာ ကလေးလည်းများများမွေးတတ်ကြကြောင်း၊ ည၎င်းတို့မွေးလာသောကလေးများကိုလည်း ပညာသင်ကြားတတ်မြောက်ရေးကို အားပေးလေ့မရှိဘဲထိုကလေးများသည်လည်း ၎င်းတို့ကဲ့သို့ပင် ကလေးအလုပ်သမားများအဖြစ်ရောက်ရှိ သွားလေ့ရှိပြီး၊ ဤနည်းအားဖြင့် ဆင်းရဲနွမ်းပါးမှုသံသရာ(Poverty Cycle) လည်ပတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်မှုများစွာတွေ့ရှိနေရတာဖြစ်ကြောင်း၊ ဒါကြောင့် ကလေးအလုပ်သမားပပျောက်ရေးကိစ္စရပ်သည် နိုင်ငံတိုင်း၏ အလေးထားဖြေရှင်းရမည့် ကိစ္စတစ်ရပ်ဖြစ်လာသည်ကိုတွေ့ရှိရ၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီအနေဖြင့် ယခုလို သင်တန်းကျောင်းများနှင့် ပေါင်းစပ်ပြီး ကလေးအလုပ်သမားများအား နည်းပညာနှင့်သက်မွေးပညာရပ် သင်ကြားပို့ချပေးတာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှာ လူငယ်လူရွယ်များအား နည်းပညာနှင့်သက်မွေးပညာရပ်များ သင်ကြားပေးသည့် ကာလတိုသက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ဒေသတွင်းလူ့စွမ်းအား အရင်းအမြစ်များကို သင်ယူနိုင်မှုအခွင့်အလမ်းများ ပိုမိုရရှိနိုင်လာနိုင်စေခြင်း၊ ပေါ်ပေါက်လာသည့် အလုပ်အကိုင်အခွင့်အလမ်းများအလိုက် လူငယ်၊ လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေခြင်း၊ အနာဂတ် လုပ်သားဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ခြင်းနှင့် လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးလာပြီး တစ်ဦးချင်းဝင်ငွေပိုမိုမြင့်မားလာစေမှာဖြစ်ပါကြောင်း ကာလတိုသက်မွေးပညာ သင်တန်းများကနေ လူငယ်တွေအနေနဲ့ အလွန်တန်ဖိုးရှိတဲ့ အခွင့်အရေးများ ရရှိနိုင်တဲ့အတွက် လက်လွတ်မခံကြဖို့၊ သင်တန်းများက သင်ကြားပေးလိုက်တဲ့ အခြေခံစာတွေ့၊ လက်တွေ့သင်ခန်းစာတွေကို လက်တွေ့လုပ်ငန်းနယ်ပယ်မှာ အသုံးချနိုင်ကြဖို့ တိုက်တွန်းပြောကြား လိုကြောင်း၊ Life Long Learning ဆိုတဲ့အတိုင်း ဒီလိုကျွမ်းကျင်မှုသင်တန်းတွေကို တစ်ခုပြီးတစ်ခု တက်ရောက်ပြီး ပိုမိုကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး မိမိတို့ဒေသတိုးတက်ဖို့ ဆောင်ရွက်ကြပါလို့ ပြောကြားလိုကြောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)အနေနဲ့လည်း မကွေးတိုင်းဒေသကြီးအတွင်း အထူးလိုအပ်လျက်ရှိတဲ့ MSME လုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားတွေကို ဆက်လက်ပြုစုပျိုးထောင်ပေးရင်း မိမိတို့ကျရာတာဝန်ကနေ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြပြီး၊ ဆက်လက်တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကျောင်းအုပ်ကြီး ဦးခင်မောင်ညွန့်က ကာလတိုသင်တန်းဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်းတက်ရောက်ခဲ့သော သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများက နှလုံးသားထဲကကျောင်းတော်ရာ၊ ယောင်ပေစူးစသည့်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment