နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ရွှေကြာသင်္ကန်းတော် ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ရွှေကြာသင်္ကန်းတော် ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲအခမ်းအနား တက်ရောက်




နေပြည်တော် ,  မတ် ၁၃


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် လိုဏ်တော်ကြီးအတွင်း၌ ကိန်းဝပ်စံပယ်တော် မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့ကို (၁၇) ကြိမ်မြောက် ရွှေကြာသင်္ကန်းတော် ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲ အခမ်းအနားကို ၁၃၈၆ ခုနှစ် (တပေါင်းလပြည့်နေ့) ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုတော်မူသော ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတီတော် ဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုကြသည်။


ရှေးဦးစွာ စေတီတော်လိုဏ်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေကြာသင်္ကန်းတော်၊ မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုကြသည်။ 


ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကိုကျင်းပရာ ဆရာတော်ကြီးများအား ဗုဒ္ဓါဘိသေကအနေကဇာတင်မည့်နေရာသို့ ပင့်ဆောင်၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်ကြပြီး ဆရာတော်ကြီးများအား အခမ်းအနားအား လွှဲအပ်၍ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။


ယင်းနောက် ကုသိုလ်တော်မင်္ဂလာ ဆည်းပူးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော် မူသော မေတ္တသုတ် ပရိတ်တရားတော်ကို နာယူပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)