နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးအဖြစ် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံများကို သွားရောက်ခဲ့ပါတယ်။ ရုရှားနိုင်ငံကို စတင်ရောက်ရှိပြီး နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဆွေးနွေးတယ်။ သဘောတူညီချက်တွေ ရယူခဲ့တာတွေ ရှိတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး ပူတင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုျား တိုးမြှင့်နိုင်ရန်လည်း ဆွေးနွေးပြောဆိုခဲ့ကြတယ်။ တွေ့ဆုံမှုအပြီး သက်ဆိုင်ရာကဏ္ဍအလိုက် သဘောတူလက်မှတ်များ ရေးထိုးနိုင်ခဲ့ကြတယ်။ ရုရှားသမ္မတကြီး ပူတင် က မိမိတို့နိုင်ငံခေါင်းဆောင်ကို အလေးကရုပြုပြီး ဆက်ဆံတာကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်ရတယ်။
ထိုနည်းတူစွာပဲ ဘီလာရုစ်နိုင်ငံကို ရောက်ရှိစဉ်မှာလည်း ဘယ်လာရုစ်သမ္မတ လူကာရှန်ကို က နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်ဖြစ်တဲ့အတွက် ဂုဏ်ပြုတပ်ဖွဲ့နဲ့ ခမ်းနားစွာ ဂုဏ်ပြုကြိုဆိုတယ်။ မိမိတို့နိုင်ငံရဲ့ လိုအပ်ချက်ကို သူတို့ဆီက နည်းပညာအကူအညီတွေနဲ့ ဖြည့်တင်းနိုင်မယ်။ အပြန်အလှန် အကျိုးဖြစ်ထွန်းမယ့် စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖိတ်ခေါ်ခဲ့တယ်။
မြန်မာ - ရုရှား စီးပွားရေးဖိုရမ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသွားခဲ့တဲ့ စကားတစ်ခွန်း က အရမ်းကို လေးနက်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမယ်ဆိုရင် စဉ်းစားရမယ့် အဓိက အခန်းကဏ္ဍက အကြမ်းဖက်ဘေးအန္တရာယ် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအပိုင်းက စိုးရိမ်တာကို အပြစ်ပြောလို့ မရပါဘူး။ ယနေ့ တိုင်းပြည်အတွင်းမှာ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်နေတဲ့ NUG, CRPH, PDF နဲ့ အပေါင်းအပါများဟာ နယ်ပယ်ကဏ္ဍစုံမှာ အဖျက်အမှောင့်တွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူတွေ ဘက်က စိုးရိမ်မှုတွေ ရှိနေမယ်ဆိုတာကို ရိပ်စားမိတဲ့ ဗိုလ်ချုပ်မှူးကြီး က "အရေးကြီးတာကတော့ လုပ်မယ်ဆိုတဲ့ သန္ဓိဋ္ဌာန်စိတ်ပဲ ဖြစ်ပါတယ်။ လိုအပ်လို့ရှိရင်လည်း ကျွန်တော်ကိုယ်တိုင် မြန်မာပြည်မှာ ခင်ဗျားတို့နဲ့ ထပ်တွေ့ပါ့မယ်။ ယနေ့ ကြုံတွေ့နေရတဲ့ တချို့သော အခက်အခဲတွေကို ခင်ဗျားတို့ ခေါင်းထဲမှာ သိပ်မထည့်ပါနဲ့။ ဒါတွေက တဒင်္ဂသာ ဖြစ်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး ရဲ့ ဒီစကားက ဘာကို ရည်ရွယ်ပြီး ပြောဆိုတယ်ဆိုတာကို ဋိကာချဲ့ပြီး ရှင်းပြနေဖို့ လိုမယ်မထင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုရှားစီးပွားရေးဖိုရမ်မှာ ဒီစကားကို ပြောလိုက်ပြီဆိုကတည်းက လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့ကို ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြမှုမှာလည်း ထည့်သွင်းဆွေးနွေးတင်ပြခဲ့ပါတယ်။ အထူးအားဖြင့် ထားဝယ်ရေနက်စီမံကိန်းနဲ့ ပတ်သက်လို့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်တဲ့အတွက် တနင်္သာရီတိုင်းဒေသကြီးထဲက ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့တွေကို ရှင်းထားကြပါတော့လို့ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ ဟန်ချက်ညီမှုလိုအပ်နေတဲ့ အပိုင်းကိုတော့ တွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်ပိုင်သတင်းစာတွေမှာ ဆိုရင် ရှမ်းပြည်နယ်၊ တောင်ကြီးခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ စကားကို ကာလရှည်ကြာ ကောက်နှုတ်ဖော်ပြခဲ့ပါတယ်။ အဲဒါကတော့ "တပ်မတော်အနေနဲ့ အကြမ်းဖက်မှုတွေ ပပျောက်အောင် တန်ပြန်ထိုးစစ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့များအနေနဲ့ ပြည်သူများကို လူသားဒိုင်းသဖွယ် အကာအကွယ်ယူပြီး တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်နေပါတယ်။ ပြည်သူများအနေနဲ့ အကြမ်းဖက်သမားများရဲ့ အသုံးချခံမဖြစ်စေရေး သတိပြု ကြရန်" ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မန္တလေးနဲ့ မိတ္ထီလာ တပ်နယ်များက အရာရှိ၊ စစ်သည်များနဲ့ တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီး က "တပ်နယ်အလိုက် မိမိတို့တာဝန်ယူဆောင်နေတဲ့ နယ်မြေများမှာ အကြမ်းဖက်လှုပ်ရှားမှုများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ကြဖို့၊ လက်နက်နဲ့အနိုင်ကျင့်တာမျိုးတွေ မဖြစ်စေဖို့ ဆောင်ရွက်ကြရန်" လမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ တပ်နယ်များအလိုက် တာဝန်ရှိသူများက အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်နေကြတယ်ဆိုရင် ဟန်ချက်ညီတယ်လို့ ပြောနိုင်ပါတယ်။ တချို့သော ဒေသများမှာတော့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ဟန်ချက်ညီစွာ လိုက်ပါဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကို သတိပြုမိကြပါလိမ့်မယ်။
ကျွန်တော်တို့က စစ်ရေးစစ်ရာကို တပ်မတော်အရာရှိများကဲ့သို့ နားမလည်တာတော့ အမှန်ပါပဲ။ တပ်မတော်သားများနဲ့ အကြမ်းဖက်အဖွဲ့များ ထိတွေ့မှုဖြစ်တယ်ဆိုတဲ့ သတင်းမျိုးကြားရရင် တပ်မတော်သားများဘက်ကသာ အနိုင်ရတယ်ဆိုတဲ့ သတင်းကြားချင်တာလည်း ကျွန်တော်တို့ရဲ့ အတ္တပဲ ဖြစ်ပါတယ်။ သို့သော် တချို့သော နေရာတွေမှာ ဦးဆောင်တဲ့ အရာရှိများနဲ့ တိုက်ပွဲဝင်တပ်မတော်သားများ ဟန်ချက်ညီစွာ ဆောင်ရွက်ခြင်းကြောင့် အကြမ်းဖက်အဖွဲ့များကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ကြတယ်။ တချို့သော ဒေသတွေမှာတော့ တပ်မတော်အရာရှိများနဲ့ တပ်မတော်သားများ ဟန်ချက်ပျက်ပြီး အရေးနိမ့်ခဲ့ရတာမျိုးတွေ စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ခဲ့ရတာတွေ ရှိပါတယ်။ ဟန်ချက်ပျက်ရတဲ့ အနေအထားကို ထောက်ပြပြောဆိုမယ်ဆိုရင် မြေပြင်မှာ တိုက်ပွဲဝင်နေသူတွေကိုချည်း အပြစ်တင်လို့တော့ မရပါဘူး။ နောက်က ကူညီပံ့ပိုးမှုအပိုင်းမှာ အားနည်းတာတွေ ရှိပါတယ်။ အချိန်နဲ့ တပြေးညီ ကူညီပံ့ပိုးပေးသင့်တဲ့ အခြေအနေမှာ အချိန်နဲ့တပြေးညီ ကူညီမှုမရဘဲ အရေးနိမ့်ခဲ့ရတာတွေ များပါတယ်။
တပ်မတော်အရာရှိများနဲ့ ဆက်စပ်ပြီး လေ့လာကြည့်တဲ့အခါ တချို့ကတော့ တပ်မတော်သားစိတ်နဲ့ အလုပ် လုပ်တယ်ဗျ။ တချို့သော တပ်မတော်အရာရှိများကတော့ နီပိန်းတွေရဲ့ သားသမီးတွေလည်း ဖြစ်နိုင်ပါတယ်။ တချို့တွေမှာ နေမျိုးဇင်တို့လို စိတ်ဓာတ်မျိုးတွေ ကိန်းအောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်နှိမ်နင်းရေးကို တကယ် ထိရောက်အောင် အလုပ် မလုပ်ဘဲ အကြမ်းဖက်သမားများနဲ့ အပေးအယူလုပ်ပြီး ကိုယ်ကျိုးရှာတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ တပ်မတော်ကို လေးစားတန်ဖိုးထားတဲ့ စိတ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူတွေကိုတောင် သေတွင်းထဲ တွန်းပို့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ရဲတပ်ဖွဲ့ဘက်မှာသာ ဒါမျိုး ရှိတာမဟုတ်ပါဘူး။ တပ်မတော်အရာရှိများထဲမှာလည်း နီပိန်းတပိုင်း စိတ်ရိုင်းဝင်ပြီး အကြမ်းဖက်အားပေး လုပ်နေသူတွေ ရှိနေနိုင်တယ်လို့ ထောက်ပြခြင်းသာ ဖြစ်ပါတယ်။
စိတ်ဓာတ်ယိမ်းယိုင်နေတဲ့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ကို အလေးမထားဘဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာတာ၊ အကြမ်းဖက်အားပေး လုပ်ပြီး ကိုယ့်တပ် ကိုယ်ဖျက်တဲ့ လုပ်ရပ်တွေ လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ အောက်တန်းကျတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ နေမျိုးဇင်တို့လိုကောင်တွေ၊ CDM ဗိုလ်ကြီး အမည်ခံပြီး အကြမ်းဖက်လှုံ့ဆော်နေတဲ့ ကောင်တွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ထောက်ပြပြောဆိုနိုင်ပေမယ့် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိနေတဲ့ သူတွေကို ထောက်ပြပြောဆိုရတာ အင်မတန် အန္တရာယ်များပါတယ်။
ဒါတွေကို ထောက်ပြပြောဆိုရခြင်းက ဟန်ချက်ညီညီ လုပ်ဆောင်မယ်ဆိုရင် အကြမ်းဖက်အဖွဲ့တွေကို မနှိမ်နင်းနိုင်စရာ အကြောင်းမရှိပါဘူး။ အောင်မြင်မှုဟာ ပြည်သူတွေကို ကောင်းကျိုးဖြစ်ဖို့ ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်။ တပ်မတော်သားတွေ အရေးနိမ့်ရတယ်ဆိုရင်တော့ စီမံခန့်ခွဲမှု လွဲမှားမှုတွေကြောင့်ပဲလို့ ဆိုချင်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ရုရှား၊ ဘယ်လာရုစ် ခရီးစဉ်နဲ့ အကျိုးရလာဒ်ကို ပြန်တွက်ဆကြည့်ရင် တစ်ပတ်တာအတွင်းမှာ တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက် များစွာ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်လည်း ပိတိတွေနဲ့ ပြန်လာခဲ့တယ်လို့ မှတ်ယူမိတယ်။ အပြန်ခရီးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်မှူးကြီး ပြန်လည်ဖြေကြားထာတဲ့ စကားတွေက ရင်ထဲက လာတဲ့ စကားတွေ ဖြစ်ပါတယ်။ ပြည်သူများအားလုံးကို အသိတရားရစေချင်တဲ့ သဘောကို အတိုင်းသား မြင်တွေ့နိုင်ပါတယ်။
ခရီးစဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ကျွန်တော် တရားဝင်ချစ်ကြည်ရေးခရီးသွားတာပါ။ သူတို့က တရားဝင် ဖိတ်တဲ့အတွက်ကြောင့် ကျွန်တော် တရားဝင်ချစ်ကြည်ရေးခရီးသွားနိုင်တာကတော့ နိုင်ငံအတွက် အင်မတန်ကောင်းတဲ့ဟာတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက် နိုင်ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စရပ်တွေပေါ့။ နောက် နှစ်နိုင်ငံအပြန်အလှန် ကူးလူးသွားလာရေးအတွက် တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့်တော့ ခရီးသွားကဏ္ဍ တွေ တိုးချဲ့ဆောင်ရွက်ရေးပေါ့ဗျာ။ နောက်တစ်ခုက ပညာရေး၊ နောက် သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒါတွေ နယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေ ရှင်းပြတာကို သူတို့ နှစ်နိုင်ငံလုံးက ဒါကို အားလုံးလက်ခံပါတယ်။ နောက် ကျွန်တော် ရွေးကောက်ပွဲလုပ်မယ့်အခြေအနေလည်း ကျွန်တော် ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီး ကြည့်ပေးမယ့် အကြောင်းလည်း သူတို့ပြောတာရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦးနှစ်ဖက် ဒီတွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေ အများကြီးရခဲ့တယ်ဗျ။" လို့ ရှင်းပြပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီး က "နောက်တစ်ခုကလည်း ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကို ကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစလုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကို ပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်က သဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်ဗျာ။ ပြည်သူ အများလည်း အားလုံးကျန်းမာချမ်းသာကြပါစေ။ နောက် အစစအရာရာ တိုးတက်အောင်လုပ်နိုင်ကြ ပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည် တယ်ဆိုလို့ရှိရင် အားလုံးပူးပါင်းဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော် ပြောလိုပါတယ်ဗျာ။" ဆိုတဲ့ စကားကို ပြောကြားသွားခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ က ရာဇသံပေးလို့ ရပေမယ့် အားလုံးကို မေတ္တာရပ်ခံတဲ့ သဘောပဲ ပြောဆိုသွားတာကို နားလည်ကြမယ် ထင်ပါတယ်။
နောက်ထပ် ခရီးစဉ်က အပြန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ရှင်းလင်းပြောကြားချက်များကို လေ့လာကြည့်တဲ့အခါ "ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားကြည့်မယ်ဆိုရင် တစ်ကယ့်ဆုံချက်မှာရှိတယ်။ မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တကယ်ကိုလက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန်ရောက်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာလည်း ဦးစားပေးပြီးတော့ ကျွန်တော်ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ကျွန်တော်ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်။ အခုထိတတ်နိုင်သမျှ ကျွန်တော်လုပ်ပေးပါတယ်။" လို့ ပြောဆိုထားပါတယ်။ တိုင်းပြည်ရဲ့ ပထဝီအနေအထားက အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ပမေယ့် ညီညွတ်မှုမရှိတဲ့အတွက်ကြောင့် နောက်ကောက်ကျနေရတဲ့ အခြေအနေကို နားလည်ကြဖို့ ပြောဆိုသွားတယ်လို့ မှတ်ယူမိပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး ပြောတာက "EAO တွေကိုလည်း ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေ အများကြီးရှိတာပဲ။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျွန်တော်တို့ သွားတာကောင်းတယ်။ ကျွန်တော်တို့ပြောတယ်။ ကျွန်တော်တို့ တစ်အချက် ဒီမိုကရေစီ အခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲရတယ်။ တစ်ဖက်သတ် အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။" လို့ ထည့်သွင်း ပြောဆိုသွားတာကို တွေ့ရပါတယ်။
ဒီအချက်တွေကို ထောက်ထားပြောဆိုခြင်းက အနောက်အုပ်စုရဲ့ သြဇာခံ CRPH, NUG နဲ့ ပေါင်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းတွေကို အစွမ်းကုန် လုပ်နေကြတဲ့သူတွေကို သတိပြုမိစေချင်လို့ ဖြစ်ပါတယ်။ ယနေ့ တိုင်းပြည်ကို ဦးဆောင်နေသူများက အပြုသဘောဆန်ဆန် ဆောင်ရွက်နေတယ်။ ဒါကို အနောက်အုပ်စုရဲ့ သြဇာခံများနဲ့ ပူးပေါင်းပြီး အဖျက်အမှောင့်တွေ လုပ်နေခြင်းကြောင့် ရရှိလာတဲ့ အကျိုးရလာဒ်က ဘာလဲ။ လူသားအရင်းအမြစ်များ ပြုန်းတီးခြင်း၊ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်း အနိဋ္ဌာရုံတွေပဲ ဖြစ်ပါတယ်။
ကမ္ဘာမှာ နိုင်ငံအချင်းချင်း ဖြစ်နေတဲ့ စစ်ပွဲတွေကိုတောင် ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းပြီး အဖြေရှာနေကြတယ်။ ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတော့မယ်။ အစ္စရေး - ပါလက်စတိုင်း အပစ်အခတ် ရပ်စဲထားကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း စစ်ပွဲတွေ ဖြစ်နေတာ ဘာကြောင့်လဲ။ အနောက်အုပ်စုရဲ့ ပယောဂကြောင့်ပဲ မဟုတ်ပါလား။ အနောက်အုပ်စုရဲ့ ပယောဂပူးကပ်ခံနေရတဲ့ ငမိုက်သားများ အနေနဲ့ အသိ၊ သတိနဲ့ မိမိတို့ရဲ့ ပြည်ဖျက်လုပ်ငန်းတွေအပေါ်မှာ မှန်ကန်စွာ ပြန်လည်သုံးသပ်ပြီး စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းကြရမှာ မဟုတ်ပါလား။
နိုင်ငံတော်က လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများကို ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့၊ နိုင်ငံ့အရေးကို အပြုသဘောဆန်စွာ ဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာတွေ များလှပါပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ရုရှား၊ ဘယ်လာရုစ် ခရီးစဉ်က အပြန်မှာလည်း လမ်းဖွင့်ပေးတဲ့ စကားမျိုးကိုပဲ အပြုသဘောဆန်စွာ ပြောခဲ့ပါတယ်။
လက်နက်ကိုင် သောင်းကျန်းသူများ အနေနဲ့ အသိတရားရှိမယ်ဆိုရင် နိုင်ငံအရေးကို ဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်ကြပါ။ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြပါ။ လက်နက်ကိုင်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လူမျိုးတုန်း သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြပါ။
နိုင်ငံတော်က လမ်းဖွင့်ပေးထားပါလျက် ငမိုက်သားများက ဆက်ပြီး မိုက်လုံးထွားနေကြအုံးမယ်ဆိုရင် တည်ငြိမ်အေးချမ်းရေးနဲ့ ဆက်လက်ဆောင်ရွက်ရမယ့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ ပြတ်သားသင့်တဲ့ ကိစ္စမှာလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများက တိကျပြတ်သားစွာ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ။ ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment