အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် - ၂၀၂၅ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် - ၂၀၂၅ ကျင်းပ






ရန်ကုန်၊ မတ် ၁၆

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး) ၏ အစီအစဉ်ဖြင့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် -၂၀၂၅ (Yangon Investment Forum- 2025) ကို ယမန်နေ့က ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် - ၂၀၂၅ အခမ်းအနားကို မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့် အောင်တို့က မင်္ဂလာမောင်းကို တီး၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝနှင့် ရင်းနှီးမြှုပ်နှံမှုနှင့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးတို့က အမှာစကား များ ပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏စီးပွားရေး မောင်းနှင်မှုအတွက် အရေးပါသော ဒေသတစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး ဒေသများထဲမှတစ်ခုဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများနှင့် ချိတ်ဆက်မှုရရှိပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ထိရောက်စွာ ပံ့ပိုးပေးနိုင်သည့်လုပ်ငန်း (Supp-orting Industries) များအဖြစ် ချိတ်ဆက်မှုများရရှိကာ ထုတ်လုပ်မှုကွင်းဆက်ကောင်းများ ဖြစ်ပေါ် လာရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီမှုများသည် အရေးကြီးသဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့်အညီ ကူညီပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်တိုင်းဒေသ ကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အားကောင်းသည့်ဒေသတစ်ခုဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်လုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းတို့အပြင် MSMEs လုပ်ငန်း များ ပိုမိုကောင်းမွန်လာစေရေးကို ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးကြကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့ဖိုရမ်တွင် MSMEs လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းစုစုပေါင်း ၂၇ ခန်း စိတ်ဝင်စားဖွယ် ခင်းကျင်းပြသကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက ရှင်းလင်းတင်ပြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ “Power Investment & EV prospect in Yangon” “Agricu-lture, Industry and Services in Yangon” နှင့် “Bridging MSMEs & Investment in Yangon” ခေါင်းစဉ်များကို ဆွေးနွေးကြသည်။ ထိုသို့ ဆွေးနွေးရာတွင် လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍနှင့် MSME လုပ်ငန်းကဏ္ဍတို့၏ အခွင့်အလမ်းများအား အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးခဲ့သည့် ကဏ္ဍသုံးခုအပေါ် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံ ချိတ်ဆက်ဆွေးနွေးခြင်း (Business Networking & Matching) အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဖိုရမ်သို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက တက်ကြွစွာ ပါဝင်ဆွေးနွေးကြပြီး ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်စီးပွားရေးချိတ်ဆက်မှုများ ပိုမိုရရှိခဲ့ကြသည်။

အဆိုပါဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးရန်၊ ပြည်တွင်း အငယ်စား၊ အသေးစား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး များအကြား ဆက်သွယ်ချိတ်ဆက်လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်၏ဆောင်ပုဒ်မှာ “Sustainable Growth, Smart Investment: The Future of Yangon” “စဉ်ဆက်မပြတ်ဖွံ့ဖြိုး မှု၊ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုနှင့် ရန်ကုန်၏အနာဂတ်” ဟူ၍ ဖြစ်သည်။


Photo Crd -

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)