ချမ်းအေးသာစံ , မတ် ၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI တို့ ပူးပေါင်း၍ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ ရတနာပုံစူပါစင်တာ (၄)လွှာ MRCCI အသင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများ၊ မူပိုင်ခွင့်ဦးစီးဌာန၊ MRCCI အသင်းရုံးတို့မှ တာဝန်ရှိသူများ၊ အသေးစား၊ အလတ်စားနှင့်အငယ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများကို ပြောကြားပြီးနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပခဲ့သည်။
နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် မူပိုင်ခွင့်ကဏ္ဍသည် အရေးပါသည့်အတွက် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး အာဏာသက်ဝင်နိုင်ခဲ့ပြီဖြစ်ရာ MSME လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ မူပိုင်ခွင့်အကာအကွယ်ပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်ပြီး အသိပညာဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုအသိ ပညာပေးဆွေးနွေးပွဲ၌ စီးပွားရေးလုပ်ငန်းရှင်များမှ လျှောက်ထားလာသည့် သက်ဆိုင်ရာမူပိုင်ခွင့်များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ချက်ချင်းလက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment