စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ဟာ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှု နယ်မြေတစ်ခု ဖြစ်ပါတယ်။ နီပိန်းအများစုဟာ PDF အကြမ်းဖက်အဖွဲ့ထဲကိုဝင် အကြမ်းဖက်သမားများအဖြစ်နဲ့ ဒေသတွင်းမှာ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ ပြည်သူတွေကို ငါ့နဲ့မတူ ငါ့ရန်သူ လို့ သဘောထားပြီး တိုက်ခိုက်တယ်။ ဖမ်းဆီး သတ်ဖြတ်တယ်။ ဒီလို ဖြစ်စဉ်တွေက မရေတွက်နိုင်တော့ပါဘူး။
၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စစ်တမ်းတွေကို ပြန်လေ့လာဆန်းစစ်ကြည့်ရင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ၊ ပိတ်စို့ရှာဖွေ ဖမ်းဆီးလျက်ရှိ ဆိုတဲ့ ဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖမ်းဆီးရမိပါပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်မျိုး တွေ့ရခဲပါတယ်။ မတွေ့ရပါဘူး။ ဖမ်းဆီးရမိခြင်း မရှိပါဘူး။ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တချို့အတွက်သာ ဖမ်းဆီးရမိရေး ဆောင်ရွက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ၂၀၂၁ - ၂၀၂၂ စပ်ကူးမက်ကူး ကာလမှာ ပြည်ထဲရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်က အကြမ်းဖက်အားပေး၊ အကြမ်းဖက်အားပေး လုပ်တဲ့ သူတွေကို ရာထူးတိုးပေးသည်အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ပြည်ထဲရေးဝန်ကြီး ဦးစိုးထွဋ် ဆိုသူသည် အဂတိမကင်းသောပုဂ္ဂိုလ်ဖြစ်ကြောင်း စိစစ်တွေ့ရှိပြီး အရေးယူခဲ့တယ်။ အဲဒီ ပုဂ္ဂိုလ်ကြောင့် အပြစ်မဲ့ ရဟန်းလူပြည်သူပေါင်းများစွာ သေဆုံးခဲ့ရတယ်။ ဦးစိုးထွဋ် ပြည်ထဲရေးဝန်ကြီး တာဝန်ယူနေစဉ်မှာ ရဲအရာရှိတချို့ဟာ အကြမ်းဖက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သတင်းပေးတိုင်ကြားသူများကို အကြမ်းဖက်သမားဘက်ကို လက်တို့ပြီး သတ်ခိုင်းသည်အထိ နိုင်ငံ့သစ္စာကို ဖောက်ဖျက်ခဲ့ကြတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများ၊ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်နဲ့အညီ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူများဟာ အကြမ်းဖက်အားပေး ဝန်ထမ်းဆိုးတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ အဓိက ပစ်မှတ်ဖြစ်ခဲ့ရတယ်။
ဒီဖြစ်စဉ်အပေါ် ပြည်သုံးသပ်ကြည့်ရင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပြည်ထောင်စုဝန်ကြီးအဆင့်အထိ သစ္စာဖောက် လောက်ကောင်တွေ ရှိနေခြင်းကြောင့် လဝသတင်းတချို့ ပြည်ဖျက်မီဒီယာတွေဆီ ပေါက်ထွက်ခဲ့တာလည်း မထူးဆန်းပါဘူး။ ပြည်ထောင်စုဝန်ကြီးဆိုတာ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းမှာ အရေးပါတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်မှာတော့ သမ္မတနဲ့ ဒုတိယသမ္မတတွေရဲ့ နောက်မှာ အမြင့်ဆုံးအဆင့်ရှိတဲ့သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုကို ဦးဆောင်ပြီး နိုင်ငံတော်ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကကျတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် နိုင်ငံအများစုမှာ ဝန်ကြီးတွေဟာ အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး၊ နိုင်ငံရဲ့ အကြီးအကဲ (သမ္မတ၊ ဝန်ကြီးချုပ် စတဲ့သူတွေ) ရဲ့ တိုက်ရိုက်အောက်မှာ အရေးပါတဲ့ အဆင့် မှာ ရှိကြပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲပြီး နိုင်ငံတော်ရဲ့ မူဝါဒတွေကို ချမှတ်ရာမှာလည်း ပါဝင်ဆောင်ရွက်ကြပါတယ်။ အဲဒီလို အဆင့်က ဖောက်နေမှတော့ ဒီတိုင်းပြည်က ပြည်သူတွေမှ ဒုက္ခမရောက်ရင် ဘယ်တိုင်းပြည်က ပြည်သူတွေ ဒုက္ခရောက်မှာလဲ။
၂၅-၄-၂၀၂၅ ရက်နေ့က စာရေးသူထံကို ရွှေဘိုမြို့နယ်ထဲက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ဆက်သွယ်လာပါတယ်။ အဲဒီ အမျိုးသမီးအကြောင်း ကြားဖူးထားပါတယ်။ တခါမှ မဆက်သွယ်ခဲ့ဖူးပါဘူး။ သူ့ထံက ဆက်သွယ်လာလို့ အံ့သြဝမ်းသာ ဖြစ်ခဲ့ရပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့များမှာ ကန့်ဘူလက ဆရာတော် ဦးဝါသဝ၊ မြင်းခြံမှာ ဒေါ်သီတာယုမွန်တို့လို ပုဂ္ဂိုလ်တွေ နာမည်ကြီးတယ်။ သူတို့တွေကို ပြည်သူများက လေးစားသလို ကူညီပံ့ပိုးမှုတွေလည်း ရှိပါတယ်။
ထိုနည်းတူစွာ ရွှေဘိုမြို့နယ်၊ လုံးတော်ရွာ၊ ပလိုင်းရွာမှာ ပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင် ထိန်းကျောင်းနေတာလည်း အမျိုးသမီးပါပဲ။ သူတို့မှာ ကူညီပံ့ပိုးမှုမရပါဘူး။ အဲဒီအမျိုးသမီးကိုလည်း အများပြည်သူ မသိကြပါဘူး။ ထင်ပေါ်အောင်လည်း မနေပါဘူး။ ဒါပေမယ့် သူမ ရုန်းကန်နေရတဲ့ အခြေအနေကတော့ မလွယ်လှပါဘူး။ သူမကို ဖြူသလား၊ မဲသလား ကျွန်တော်မသိပေမယ့် မမြတ်မွန် ဆိုတဲ့ အမျိုးသမီးဆိုတာကိုတော့ သိထားတယ်။
သူမဆီက ဆက်သွယ်လာတဲ့အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ သိရအောင် မေးမြန်းခဲ့တယ်။ အပြန်အလှန် မေးမြန်း ပြောဆိုမှု အသံဖိုင်ကိုလည်း စာရေးသူအနေနဲ့ ဖော်ပြခဲ့ပါတယ်။ အဲဒီအသံဖိုင်ကို ဖော်ပြခြင်းက တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့မှု၊ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူများ အတိဒုက္ခရောက်နေရတဲ့ အခြေအနေ၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်သမား လှုပ်ရှားမှု အခြေအနေကို သိသာမြင်သာ ဖြစ်စေဖို့ ဖြစ်ပါတယ်။
သို့သော် မမြတ်မွန် က အသံဖိုင်နဲ့တော့ မတင်ပါနဲ့လို့ ထပ်မံဆက်သွယ် ပြောဆိုလာလို့ ဖြုတ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့က နစ်နာသူတွေကို အမှန်တကယ် အကူအညီရစေဖို့၊ နိုင်ငံတော်အကြီးအကဲများအနေနဲ့ အကျင့်ပျက်ဝန်ထမ်းဆိုးများကို ထိန်းသိမ်းကြပ်မက်နိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အကျင့်ပျက် ဝန်ထမ်းတွေကို ယုံကြည်ကိုးစားပြီး တာဝန်ပေးထားတယ်။ သူတို့ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကြောင့် တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး အကြမ်းဖက်နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူများ အတိဒုက္ခရောက်နေရတယ်ဆိုရင် ဒီလို ပုဂ္ဂိုလ်မျိုးကို ဒီနေရာမှာ ဆက်ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ရွှေဘိုမြို့နယ်၊ ပလိုင်း၊ လုံးတော် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များနဲ့ ကျေးရွာနေပြည်သူများမှာ ဆန်ထောင်းစားနေရတဲ့ ဆိုတဲ့ အခြေအနေကို တွက်ဆကြည့်ရင် ရိက္ခာကူညီပံ့ပိုးမှုအပိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ အခြေအနေ ဖြစ်နေပြီ။ အခြား အဟာရဖြည့်စွက်အစားအစာ ရဖို့ကို အသာထား။ ဆားမရှိဘူး၊ ဆီမရှိဘူး၊ ဆေးမရှိဘူး။ အဟာရပြတ်ပြီး သက်ကြီးရွယ်အိုတွေ သေခဲ့ရတယ်။ မိုင်းနင်းမိသူကို သက်ဆိုင်ရာ တပ်နယ်က ဆေးကုဖို့ လာခေါ်မယ်လို့ ပြောပြီး မခေါ်တဲ့အတွက် သေဆုံးသွားခဲ့ရတယ်။
တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ PDF အကြမ်းဖက်အဖွဲ့တွေ ရှိတဲ့ရွာများကို ရိက္ခာမဖြတ်နိုင်ဘူး။ ရိက္ခာလမ်းကြောင်း ပြတ်တောက်သွားအောင် လုပ်ဆောင်တာမျိုး မရှိဘူး။ အကြမ်းဖက်အဖွဲ့တွေကြားမှာ ညပ်နေတဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများထံကိုတော့ ရိက္ခာရောက်အောင် မပို့နိုင်ဘူး။
တစ်နည်းအားဖြင့် ပြန်တွက်ရင် တပ်မတော်ထဲမှာလည်း မတစ်ထောင်သား ရှိနေတယ်။ တပ်မတော်အရာရှိ ဖြစ်နေသည့်တိုင်အောင် စိတ်ဓာတ်က နီပိန်းစိတ်ဓာတ်လိုမျိုး အောက်တန်းကျ ယုတ်မာကောက်ကျစ်တာမျိုးလည်း ဖြစ်နိုင်ပါဘူး။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရပ်တည်နေသည့်တိုင်အောင် တပ်မတော်အရာရှိတချို့ကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး မသိမသာ သိသိသာသာ အကြမ်းဖက်အားပေး လုပ်တယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေကို သေကြောင်းကြံနေတယ်လို့ ပြောရတော့မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့က တပ်မတော်ကို အားကိုးယုံကြည်တယ်။ တပ်မတော်အရာရှိများအပေါ် အလေးဂရုပြုတယ်။ သို့သော် တပ်မတော်အရာရှိတချို့ကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများ၊ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်နဲ့အညီ လက်တွဲဆောင်ရွက်နေကြတဲ့ ပြည်သူများကို အလေးထားမှု၊ အပြန်အလှန် လေးစားမှု အားနည်းလွန်းပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်သွားတာမျိုး မရှိဘူး။ အကြမ်းဖက်လှုပ်ရှားမှု အစဉ်သဖြင့် အားကောင်းနေတယ်။ နီပိန်း PDF အကြမ်းဖက်အဖွဲ့တွေက ဂိတ်တွေဖွင့်ပြီး ဆက်ကြေးကောင်နေတယ်။ မျက်စိရှိတဲ့ အရာရှိဆိုရင် မြင်မှာပဲ၊ နားကြားတဲ့ အရာရှိဆိုရင် သိမှာပါပဲ။ နားမျက်စိမပါတဲ့ သူတွေကို ကြီးလေးတဲ့ တာဝန်တွေ ပေးထားတာလား။ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုသူတွေကို တာဝန်ပေးထားသလိုများ ဖြစ်နေလားဆိုတာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြန်လည် သုံးသပ်ကြည့်ရင် အဖြေထွက်ပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရှင်း စစ်ကြောင်းများရဲ့ လိုအပ်ချက်ကို မီဒီယာကနေ ဆက်သွယ်ပြောဆိုမိရင်ဘဲ ပေးပို့ရန်ရှိတဲ့ စားနပ်ရိက္ခာကို မပို့ဘဲထားသည်အထိ ကောက်ကျစ်ယုတ်မာတဲ့ အရာရှိမျိုးတွေလည်း ရှိတယ်။ ဒါက ရွှေဘိုတနယ်ထဲတော့ မဟုတ်ပါဘူး။ တခြားနယ်တွေမှာလည်း ကျွန်တော်တို့ထံ ဆက်သွယ်သတင်းပေးတဲ့ ဝန်ထမ်းတွေရဲ့ ဖုန်းတွေကို သိမ်းတာမျိုး၊ သတင်းမပေးဖို့ ခြိမ်းခြောက်တာမျိုး လုပ်တဲ့ အရာရှိတွေ ရှိတဲ့အကြောင်း ပြန်လည်ကြားသိရပါတယ်။
နိဂုံးချုပ် ရရင်တော့ တပ်ချုပ်ကြီးက တပ်နယ်အလိုက် အကြမ်းဖက်လှုပ်ရှားမှု ပပျောက်အောင် ဆောင်ရွက်ကြဖို့ လမ်းညွှန်ထားသည့်အတိုင်အောင် တပ်နယ်အရာရှိတချို့ကတော့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးမထားပါဘူး။ အကြမ်းဖက်နှိမ်နင်းရေးအတွက် တပ်မတော်နဲ့တသား ရပ်တည်ဆောင်ရွက်နေတဲ့ ပြည်သူတွေကို သေကြောင်းကြံနေတယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲများ ရိပ်စားမိစေဖို့ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကြုံတွေ့နေရတဲ့ ဖြစ်စဉ်ကို သာဓကထားပြီး တင်ပြလိုက်ရပါကြောင်း ။ ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment