နေပြည်တော်၊ ဧပြီ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က နေပြည်တော် တပ်ကုန်းမြိုနယ် ဆင်သေရေလွှဲဆည်ရေသောက်စနစ်ရှိ လက်ဝဲမြောင်းမကြီးနှင့် လက်ယာမြောင်းမကြီးများသို ရောက်ရှိကြပြီး မန္တလေးငလျင်ဒဏ်ကြောင့် ရေပေးမြောင်းမကြီးတစ်လျှောက်နှင့် လက်တံမြောင်းများ၏ ထိခိုက်ပျက်စီးမှုအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူပြန်လည်မွမ်းမံ၍ စိုက်ပျိုးရေပြန်လည်ပေးဝေနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး၏ စိုက်ပျိုးရေအမြန်ဆုံးပြန်လည်ပေးဝေနိုင်ရေး မှာကြားချက်ပေါ် ဧပြီ ၈ ရက်မှစတင်၍ ရေပေးဝေလျက်ရှိရာ ယနေ့အချိန်တွင် လက်ဝဲမြောင်းမကြီး၏ မြောင်းဆုံးအထိ စိုက်ပျိုးရေရောက်ရှိပြီး လက်ယာမြောင်းမကြီးအနေဖြင့် ပေတိုင် ၂၇၀၀၀ အထိ စိုက်ပျိုးရေများ ရရှိကာ လက်တံမြောင်းများနှင့် လက်တံမြောင်းခွဲများတွင်လည်း အပိုင်းလိုက် ပြန်လည်ပြင်ဆင်ပြီး စိုက်ပျိုးရေများ ပြန်လည်ပေးဝေလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆင်သေရေလွှဲဆည်အား ယာယီမြေသား တမံပိတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဆင်သေရေလွှဲဆည် လက်ဝဲမြောင်းမကြီးနှင့် လက်ယာမြောင်းမကြီး ရေသောက်စနစ်များတွင် နွေစပါးနှင့် နွေအခြားသီးနှံမူလလျာထားချက် စိုက်ဧကများအတိုင်း စိုက်ပျိုးရေ ဆက်လက်ပေးဝေလျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment