ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းရဟန်းခံ၊ ရှင်ပြု ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းရဟန်းခံ၊ ရှင်ပြု ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ






လွိုင်ကော်၊ ဧပြီ ၁၄

မြန်မာနှစ်သစ်ကူးအချိန်အခါတွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုး ကုသိုလ်ပြုကြရာ ရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားများမှာ ထူးခြားထင်ရှားသည့် ကုသိုလ်တစ်ခုဖြစ်သည်နှင့်အညီ ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ စုပေါင်းရဟန်းခံ၊ ရှင်ပြု ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အလှူတော်မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ သာသနာ့ဗိမာန်တော်၊ ထမင်းစားဆောင်၌ ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ယမန်နေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပွဲ၌ ရဟန်းလောင်း၊ ရှင်သာမဏေလောင်းတို့အား သာသနာ့ဗိမာန်တော်စုရပ်မှ လွိုင်ကော်မြို့တွင်းလှည့်လည်ပြီး နတ်ပြခြင်း၊ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အား လက်ျာရစ် သုံးပတ်လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ ကျောင်းတိုက်များ၌ ရဟန်းလောင်းနှင့် ရှင်သာမဏေလောင်းများအား ဆရာတော် သံဃာတော်ရှင်သူမြတ်များက ဆံချမင်္ဂလာအခမ်းအနားများပြုလုပ်ပေး၍ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှင့်ပေးခြင်း၊ ဘွဲ့များအသီးသီးဆက်ကပ်ခြင်း၊ သိမ်တက်မင်္ဂလာပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းတိုက်အသီးသီးသို့ လိုက်လံကြည့်ရှု ကြည်ညိုသဒ္ဓါပွားခဲ့ကြသည်။

ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ သဒ္ဓမ္မဇောတိကဓဇ သိမ်တော်၌ ဥပသမ္ပဒကံဆောင်ခြင်းကိုဆောင်ရွက်ပြီး သိမ်ဝင်ကံပြုခဲ့ကြသည့် သိမ်တော်ဆင်းဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများအား လှူဖွယ်ပစ္စည်းများဖြင့် သိမ်တော်ဆင်းလောင်းလှူခဲ့ကြသည်။

ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာတွင် ရဟန်း (၈၇)ပါး၊ ရှင်သာမဏေ (၂၁)ပါး စုစုပေါင်း (၁၀၈)ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းပေးနိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)