ကြံခင်း၊ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ နှစ်သစ်ကူးအန္တရာယ်ကင်းစင်စေရေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေစေရေးအတွက် မြို့နယ်လုံးဆိုင်ရာ ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၆ နာရီမှစ၍ ညနေ ၆ နာရီအချိန်အထိ မြို့မရပ်ကွက်၊ မဟာသကျမုနိစေတီ တော်မြတ်ကြီးပရဝဏ်အတွင်း မဟာသကျမုနိ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာရွတ်ဖတ်၍ ဘုရားပင့်ခြင်း၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲသို့ ပရိတ်တရားတော်များ နာယူရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း တို့ကို ဆောင်ရွက်ပြီး အလှည့်ကျ ရွှေညောင်ကျောင်းတိုက် သံဃာတော်မှစတင်၍ ကျောင်းတိုက် ၁၂ တိုက်မှ ဆရာတော်၊ သံဃာတော်များက ဥပ္ပါတသန္တိသုတ်တော်အား ရွတ်ဖတ်ပူဇော်ကြသည်။ အဆိုပါ ရွတ်ဖတ်သရဇ္ဈာယ်ကြသည့် ဆရာတော်၊ သံဃာတော်များအား အလှူရှင်များက အာရုံဆွမ်း၊ နေ့လယ် ဆွမ်းများနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ညနေ ၆ နာရီတွင် ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဒဓမ္မဇောတိကဓဇ ဘန္ဒန္တဝါယမထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။ ယင်းနောက် မြို့နယ်လဝကဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးနှင့်စာရေး၊ ဂေါပကအဖွဲ့များ၊ ဓမ္မာမိတ်ဆွေအလှူရှင်များက ဆရာတော် သံဃာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌက အနုမောဒနတရားချီးမြှင့်ကာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်ပြီး ရေဝန်းကျောင်းတိုက် ဆရာတော် ဦးစိန္တိတက ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ် ပူဇော်ပွဲသို့ ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအားပြန်လည်ပို့ဆောင်သည့် ဂါထာအားရွတ်ဖတ်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကြ၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost








No comments:
Post a Comment